BEC-TERO TV

တစ်ရက်ကို ကျပ်နှစ်ထောင်ပဲသုံးပြီး ၁၆ နှစ်အကြာမှာ အိမ်သုံးလုံး ပိုင်ဆိုင်ခဲ့သူ

09 Aug 2019     1,635 Views


ကိုယ်ပိုင်နေအိမ်လေး တစ်လုံးလောက် ဝယ်နိုင်ဖို့ဆိုတာ လူအတော်များများရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေး စီမံခန့်ခွဲမှု မတတ်၍သော်၎င်း၊ အခြားအကြောင်းအရာမျိုးစုံတို့နဲ့ ဒီအိပ်မက်လေးဟာ အိပ်မက်အဖြစ်မှာပဲ ရပ်တန့်နေတဲ့သူတွေသာများပြီး အကောင်အထည်ပေါ်အောင် တစ်ကယ်လုပ်သွားနိုင်တဲ့လူက နည်းပါတယ်။
 
 
ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ ၁၆ နှစ်တိုင်တိုင် တစ်ရက်မှာ ဂျပန်ယန်း ၁၅၃ (ကျပ် ၂,၁၆၂) သာ သုံးပြီး စုဆောင်းခဲ့ရာမှ သူ့အသက် ၃၄ နှစ်မှာ အရောက်မှာတော့ အိမ်တစ်လုံးသာမကပဲ တန်ဖိုးကြီးအိမ် ၃ လုံးဝယ်နိုင်ခဲ့ပါတယ်။ 
 
အခုဆိုရင် ဘာအလုပ်မှ လုပ်စရာမလိုတော့ပဲ အသက်ငယ်ငယ်လေးနဲ့ အငြိမ်းစားသူဌေးမလေး ဖြစ်နေပါပြီ။ (ဒီသတင်းလေးကို ဖတ်ရတော့ ယခင်အစိုးရလက်ထက်က တစ်ရက်ကို ကျပ်နှစ်ထောင်(၂,၀၀၀) ကျပ်နဲ့ လောက်အောင်သုံး ဆိုတဲ့ နိုင်ငံတော်အကြီးအကဲ ဖြစ်ခဲ့သူရဲ့ စကားကို ပြန်အမှတ်ရစေပါတယ်)
 
 
သူမအသက် ၁၈ နှစ်လောက်ကစပြီး အိမ်သုံးလုံးလောက် ပိုင်ဆိုင်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီး အဲဒီအချိန်ထဲက သူမရဲ့ဝင်ငွေနဲ့ ပိုက်ဆံကို ချွေတာစုဆောင်းဖို့ အစီစဉ်တွေ စလုပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်မှာ ဂျပန်ယန်း ၁၀ သန်းတန် (ကျပ်သိန်း ၁၅၀၀ နီးပါး)အိမ်တစ်လုံးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို မီဒီယာတွေက သိသွားပြီးနောက် ရုပ်သံအစီစဉ်မှာ သူမကို ဖိတ်ကြားပြီး ပိုက်ဆံစုဆောင်းတဲ့ နည်းလမ်းတွေကို အင်တာဗျူးကာ မျှဝေပေးခဲ့ပါတယ်။
 
 
အစားအသောက်နဲ့ ကုန်ကျစရိတ်တွေအားလုံးအတွက် သူမဟာ တစ်ရက်ကို ၁၅၃ ယန်းသာ အကုန်ကျခံပြီး ၁၆ နှစ်လုံးလုံး စည်းစနစ်တကျသုံးကာ ပိုက်ဆံစုဆောင်းခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ အစားအသောက်အတွက် စူပါမားကတ်တွေမှာ လျော့စျေးအကြီးအကျယ်ချပေးနေချိန်မှာ ဝယ်ယူပြီး ကိုယ်တိုင်ချက်ပြုတ်ခဲ့တယ်လို့ ဆိုပါတယ်။ 
 
နံနက်စာအဖြစ် ထောပတ်အနည်းငယ်သုတ်ထားတဲ့ ပေါင်မုန့်တစ်ချပ်၊ နေ့လည်စာ ညစာတို့အတွက် စျေးလျော့ပေးထားတဲ့ ဆယ်လမွန်ငါး၊ ဟင်းသီးဟင်းရွက်တွေနဲ့ အူဒုံးခေါက်ဆွဲတို့ကို အလှည့်ကျစားတယ်လို့ဆိုပါတယ်။ ဘယ်လောက်တောင် ကုန်ကျစရိတ်သက်သာသလဲဆိုရင် သူမရဲ့ ညစာဟာ မြန်မာငွေ ၃၆၀ ကျပ် စွန်းစွန်းလေးပဲ ကုန်ပါတယ်။
 
ဒါတင်မကသေးပါဘူး သောက်ရေကအစ ချွေတာပါသေးတယ်၊ အဝတ်အစားအသစ်ဆိုတာ တစ်ခါမှမဝယ်ပဲ သူများက မဝတ်ချင်တော့လို့ပေးတဲ့ အကျလေးတွေကိုပဲ လက်ခံယူပြီးဝတ်ပါတယ်။ အိမ်ထောင်ပရိဘောဂတွေလည်း မဝယ်ပဲ သူများစွန့်ပစ်ထားတာတွေကို လိုက်ကောက်ပြီး ပြန်သုံးပါတယ်။
 
 
အသက် ၂၇ နှစ်မှာ အိမ်တစ်လုံးပဲ ဝယ်နိုင်သေးလို့ စိတ်မကျေနပ်နိုင်သေးတဲ့ သူမဟာ ထပ်ပြီးကြိုးစားစုခဲ့ရာ အသက် ၂၉ နှစ်မှာ ယန်း ၁၈ သန်း (ကျပ် သိန်း ၂၅၀၀ ကျော်)တန် အိမ်တစ်လုံး ထပ်ဝယ်နိုင်ခဲ့ပြန်ပါတယ်။ နောက်ဆုံး အသက် ၃၄ နှစ်မှာတော့ တတိယမြောက် ယန်း ၂၇ သန်းတန် အိမ်တစ်လုံးကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
 
 
အခုဆိုရင်တော့ အဲဒီအိမ်တွေကို ငှားရမ်းထားပြီး လစဉ်ဝင်ငွေတွေနဲ့ အလုပ်လုပ်စရာမလိုပဲ အေးဆေးအနားယူနေပါတယ်။ အိမ်တစ်လုံးကို ကြောင်ကော်ဖီဆိုင် အသွင်ပြောင်းထားပြီး လမ်းဘေး အလေအလွင့်ကြောင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေပါတယ်၊ ဒါဟာလည်း သူမရဲ့ အခြားအိမ်မက်တစ်ခုဖြစ်ပါတယ်။
 
ကဲ.. သူမလို အိမ်တွေပိုင်ချင်ရင်တော့ လက်တွေ့ လိုက်လုပ်ကြည့်ကြပါဦးနော်..။

 


09 Aug 2019     1,635 Views




RELATED

Most Popular of Special or Others

Most Popular of NEWS