BEC-TERO TV

ဝေဠုကျော်ရုံးချိန်းပျက်တာနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်ကိုထုတ်ပြောလာတဲ့ သင်းသင်း

13 Aug 2019     1,425 Views


တစ်ချိန်က ပရိသတ်တွေသဘောကျကြိုက်နှစ်သက်ခဲ့ရတဲ့ သရုပ်ဆောင်ဝေဠုကျော်နဲ့ အိမ်ထောင်ရှင်အလှမယ်ဖြစ်ခဲ့ဖူးသူ သင်းသင်းတို့နှစ်ယောက်ကြားက ပဋိပက္ခဇာတ်လမ်းလေးကတော့ တိုင်းသိပြည်သိကိုနာမည်ကြီးနေတာပါ။ သမီးရည်းစားတွေဖြစ်ဖူးခဲ့ကြတဲ့ ဝေဠုကျော်နဲ့သင်းသင်းကတော့ လက်ရှိမှာ တရားလိုနဲ့တရားခံအဖြစ် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ အမှုဖြစ်ပွားနေတာဖြစ်ပါတယ်။ သင်းသင်းက ဝေဠုကျော်မှ သူမအားကာမလိမ်လည်ရယူခဲ့သည်ဟုဆိုကာ ဥပဒေပုဒ်မ (၄၁၇) ဖြင့် သင်္ဃန်ကျွန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ရုံးချိန်းတိုင်းကို တရားလိုဖြစ်သူသင်းသင်းဘက်မှ မပျက်မကွက်တက်ရောက်ခဲ့သော်လည်း တရားခံဖြစ်တဲ့ဝေဠုကျော်ဘက်မှာတော့ ရုံးချိန်းပျက်ကွက်မှုတွေရှိခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့ရုံးချိန်းမှာလည်း ဝေဠုကျော်ဘက်မှ ခွင့်တင်ကာ ရုံးချိန်းထပ်မံပျက်ခဲ့ပြီး စုစုပေါင်းရုံးချိန်းပျက်တာ ၄ ချိန်းရှိပြီဖြစ်တယ်လို့ သင်းသင်းကဆိုပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့တရားခွင်မှာတော့ သက်သေအဖြစ် သင်းသင်းတင်သွင်းထားတဲ့ သူတို့နှစ်ယောက်အတူနေခဲ့တဲ့ အသံဖိုင်များကို ကြားနာနားထောင်ရမှာဖြစ်ပါတယ်။

သင်းသင်းကတော့ ၄င်းအသံဖိုင်များမှာ ဝေဠုကျော်ဘက်မှစေခိုင်းတာကြောင့် သွင်းယူထားခဲ့ခြင်းဖြစ်ပြီး သူတို့နှစ်ယောက်လုံးမှာ ထိုအသံဖိုင်တွေရှိတယ်လို့ပြောကြားသော်လည်း ဝေဠုကျော်ကတော့ သင်းသင်းရဲ့အပြောကို ပြတ်သားစွာငြင်းဆိုခဲ့ပါတယ်။

တရားခံဖြစ်တဲ့ ဝေဠုကျော်ဘက်မှ ရုံးချိန်းပျက်တာတွေနဲ့ပတ်သက်ပြီး သင်းသင်းကသူမရဲ့ခံစားချက်တွေကို ယခုလိုပဲထုတ်ပြောလာပါတယ်။ “ဒီနေ့ကတော့ တရားခံဘက်ကခွင့်တင်တာပါ။ ဒါပေမယ့် သူ့ရှေ့နေကတော့ သူအာမခံပြီး အသံဖိုင်တွေကို သူနားထောင်ပေးမယ်ပေါ့။ ဒါကို အမဘက်ကနေ ကန့်ကွက်လိုက်ပါတယ်။ ဘာလို့ဆို ဒါတွေက တရားခံနဲ့တရားလိုနှစ်ယောက် နားထောင်မှပဲအဆင်ပြေမှာ။ တစ်ယောက်ကကြားထဲကနေ အာမခံတယ်ဆိုပေမယ့်လည်း ဟိုဘက်ဒီဘက်က စစ်မေးလာတဲ့အခါကျရင် ပြဿနာတွေထပ်ဖြစ်လာမယ်လို့ ကိုယ့်ဘက်ကထင်လို့ ကန့်ကွက်လိုက်တာ။ ဒါကို တရားသူကြီးကသဘောတူလိုက်ပါတယ်” ဆိုပြီး အသံဖိုင်နားထောင်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပြောပြသွားပါတယ်။

တရားလိုဖြစ်တဲ့ သူမကရုံးချိန်းတိုင်းကို မပျက်မကွက်တက်ရောက်ပေမယ့် တရားခံဖြစ်သူဝေဠုကျော်ဘက်မှ ရုံးချိန်းပျက်တာတွေနဲ့ ပတ်သက်ပြီး “တရားရုံးကတော့ ရုံးချိန်းလုပ်မယ့်ရက်တွေကို ချမှတ်ပေးလိုက်ပြီ။ ကိုယ့်ဘက်ကတော့ တရားလိုအနေနဲ့ မဖြစ်မနေပျက်မှာစိုးလို့ပေါ့။ အမှုကိုမြန်မြန်ပြီးချင်ပေမယ့် တကယ့်ပျက်ကွက်တာက တရားခံဘက်က ၃ ချိန်း ၄ ချိန်းဖြစ်နေပြီ။ လူမှုရေး၊ စီးပွားရေးနဲ့ တစ်ခြားအကြောင်းအရာတွေက ကိုယ့်မှာလဲရှိပါတယ်။ သူတို့ဘက်မှာလည်း ရှိမှာပေါ့။ ထွေထွေထူးထူးတော့ မပြောချင်တော့ပါဘူး။ ကိုယ့်လဲ ရွာဘက်မှာနာရေးကိစ္စရှိတာတောင် ရုံးချိန်းပျက်မှာစိုးလို့ နာရေးကိစ္စကိုတောင်ထားပြီး အရေးပေါ်ပြန်လာခဲ့ရတာ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဝေဠုကျော်ကတော့ လက်ရှိမှာ မွန်ပြည်နယ်ရှိ ရေးဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးနဲ့ပရဟိတအလုပ်များကို လိုက်လံဆောင်ရွက်နေတာဖြစ်ပြီး ရုံးချိန်တက်ရောက်ရန်မအားလပ်တာကြောင့် ခွင့်တင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အမှုတွဲကိုတော့ အချိန် (၈) လနဲ့အပြီးသတ်စစ်ဆေးသွားမယ်လို့ သိရပြီး သင်းသင်းက သူမဘက်မှ လုံးဝကျေအေးပေးဖို့ ဆန္ဒမရှိဘူးလို့ပြောခဲ့သလို တရားရင်ဆိုင်နေရပေမယ့် ဝေဠုကျော်ကိုတော့ ချစ်နေဆဲပါလို့ မီဒီယာတွေမှာဖြေကြားခဲ့ဖူးပါတယ်။ ယခုလိုတရားစွဲဆိုခြင်းကလည်း သူမကိုလိမ်လည်ခဲ့မှုနဲ့ နားကျည်းချက်တွေကြောင့် တရားစွဲဆိုခြင်းဖြစ်တယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။

 

Source_Akonthi

(ပိုပိုလေး)


13 Aug 2019     1,425 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment