BEC-TERO TV

ကွန်ပြူတာကို အဝေးကထိန်းချုပ်နိုင်သည့် iPhone အားသွင်းကြိုး ဟက်ကာတစ်ဦး ထုတ်လုပ်

14 Aug 2019     1,401 Views


Apple ရဲ့ Mac ကွန်ပြူတာမျာဟာ ဗိုင်းရပ်စ်ကင်းစင်ပြီး လုံခြုံရေး နည်းပညာမြင့်မားလို့ ထိုးဖောက်ဖို့ မလွယ်ဘူးလို့ ယုံကြည်ထားကြတဲ့ သုံးစွဲသူတွေရဲ့ ခံယူချက်ကို ဟက်ကာတစ်ဦးက iPhone အားသွင်းကြိုး တစ်ချောင်းထဲနဲ့ ဖြိုခွဲပစ်လိုက်ပါပြီ။
 
Apple ရဲ့ Mac ကွန်ပြူတာများကို အဝေးကနေ ထိန်းချုပ်ပြီး နှောက်ယှက်မှုတွေ ပြုလုပ်နိုင်တဲ့ iPhone အားသွင်းကြိုး Lightning cable တစ်မျိုးကို ဟက်ကာတစ်ဦးက ထုတ်လုပ်ပြီး မကြာမီ စျေးကွက်ထဲ အရောက်ပို့တော့မှာဖြစ်ပါတယ်။
 
သူ့ရဲ့အမည်ကို ‘MG’ ဟုသာ သိရှိရတဲ့ ဟက်ကာ တစ်ယောက်က အဆိုပါ အားသွင်းကြိုးတွေကို အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ရောင်းချသွားတော့မယ်လို့ လာ့စ်ဗေဂတ်စ်မှာ ပြုလုပ်ခဲ့တဲ့ ဟက်ကာများညီလာခံအစည်းဝေးမှာ မိတ်ဆက်ပေးသွားခဲ့ပါတယ်။ 
 
O.MG လို့ အမည်ပေးထားတဲ့ အားသွင်းကြိုးဟာ Apple က iPhone အတွက် ထုတ်လုပ်ထားတဲ့ အားသွင်းကြိုးနဲ့ တထေရာတည်းတူပါတယ်။ ဒါပေမယ့် ကွာခြားတာကတော့ ဒီကြိုးကို Mac ကွန်ပြူတာတွေမှာ ထိုးထားလိုက်တာနဲ့ ဟက်ကာတွေက ဒီကွန်ပြူတာကို ပေ ၃၀၀ အကွာအဝေးကနေ ကြိုးမဲ့စနစ်နဲ့ ထိန်းချုပ်နှောက်ယှက် ထိုးဖောက်နိုင်သွားမှာဖြစ်ပါတယ်။
 
“ဒီကြိုးကိုတပ်လိုက်တဲ့ Mac ကွန်ပြူတာတွေကို သူ့ရှေ့မှာထိုင်ပြီး သုံးနေသလိုကို အဝေးကနေ ထိန်းချုပ်နိုင်တယ်” လို့ MG က ဆိုပါတယ်။
 
 
Tech Crunch သတင်းရဲ့အဆိုအရ ဒီကြိုးကို သုံးလိုက်တာနဲ့ ဟက်ကာတွေက သူပေါ်စေချင်တဲ့ စာမျက်နှာတွေကို ကွန်ပြူတာမှာ ပေါ်လာခိုင်းနိုင်သလို ကွန်ပြူတာစခရင်ကိုလည်း ပိတ်ပစ်တာ၊ ကွန်ပြူတာပိုင်ရှင်ကို အတင်း Log In လုပ်ခိုင်းတာတွေကိုပါ စေခိုင်းနိုင်တယ်လို့ဆိုပါတယ်။
 
ဒီလိုထိန်းချုပ်တဲ့ နည်းပညာကို Apple ရဲ့ ကွန်ပြူတာတွေနဲ့ စတင်မိတ်ဆက်လိုက်ပေမယ့် USB ခေါင်းပါတဲ့ မည်သည့်ချိပ်ဆက်ကြိုးကိုမဆို ဒီနည်းပညာ ချက်ခြင်းထည့်သွင်းလို့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
USB ကြိုးတစ်ချောင်းမှာ ဒီနည်းပညာထည့်သွင်းဖို့ အချိန် ၄ နာရီခန့်ယူပြီး MG က အခြား ဟက်ကာတွေကို အချိန်ပိုင်းပရောဂျက်တစ်ခုအနေနဲ့ USB ကြိုးတွေမှာ နည်းပညာထည့်ဖို့ ငှားရမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။
 
 
ဒီကြိုးကို ကွန်ပြူတာကနေ ပြန်ဖြုတ်လိုက်ရင်ရော ဟက်ကာတွေအနေနဲ့ အဝေးကနေ ဆက်လက်ထိန်းချုပ်လို့ ရနိုင်သေးလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။
 
အခုလိုမျိုးလုပ်ရတာဟာ သူ့ရဲ့ဝါသနာအရဖြစ်သလို ဆိုင်ဘာလုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းနေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သမာရိုးကျအတိုင်း မဟုတ်တဲ့ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားမိစေချင်လို့ ဖန်တီးလိုက်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 
“လူအတော်များများကတော့ Flash drive တွေကို ကွန်ပြူတာမှာထိုးထားပြီး သုံးတာဟာ စိတ်မချရဘူးဆိုတာ သိထားပြီးသားပါ၊ ဒါပေမယ့် အခုလို အားသွင်းကြိုးကနေ ဟက်ခ်လုပ်နိုင်မယ်လို့တော့ ဘယ်သူကမှ တွေးထားမိမှာမဟုတ်ဘူးလေ” လို့ ဆိုပါတယ်။

 


14 Aug 2019     1,401 Views




RELATED

Most Popular of Special or Others

Most Popular of NEWS