BEC-TERO TV

ဒူးရင်းသီးကို အရက်နဲ့မြည်းပြီး ၅ နာရီအကြာမှာ သေဆုံး

14 Aug 2019     1,780 Views


“အရက်သောက်ဖို့ အမြည်းမရွေးဘူးကွ” ဆိုတဲ့ ယမကာလုလင်တွေ သတိထားစေချင်ပါတယ်။ ထိုင်းနိုင်ငံက အသက် ၄၈ နှစ်အရွယ် အမျိုးသားဟာ  သူငယ်ချင်းဖြစ်သူ တားနေတဲ့ကြားကနေ ဒူးရင်းသီးကို အမြည်းလုပ်ကာ တွဲဖက်စားသောက်ခဲ့တာကြောင့် ၅ နာရီလောက် အကြာမှာ နေရာတင် သေဆုံးသွားခဲ့ပါတယ်။
 
 
သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က ပတ္ထယားပြည်နယ် ဆတ်ခူမစ်လမ်းမကြီး ဘေးက ကားမှတ်တိုင် အဆောင် ခုံတန်းလျှားမှာ အမျိုးသားတစ်ယောက် ကိုယ်လုံးတီးချွတ်နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၅ နာရီလောက်က သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပြီး သူ့ရဲ့နံဘေးမှာ အရက်ခွက်အလွတ်နဲ့ ဒူရင်းသီး ထည့်ထားတဲ့ ဖော့ဗူးတို့ကို တွေ့ခဲ့ရပါတယ်။
 
သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်တဲ့ ‘ပမ်း’ ဆိုသူက၊ သူတို့နှစ်ယောက်ဟာ ပစ္စည်းအဟောင်းတွေကို နေ့တိုင်းလိုက်ကောက် ရောင်းစားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့က သေဆုံးသူဟာ ဘတ်စ်ကားစောင့်ရင်း သောက်ဖို့ ဒူးရင်းသီးနဲ့ အရက်တစ်လုံးဝယ်ခဲ့ပါတယ်။
 
‘ပမ်း’ က သူငယ်ချင်းကို ဒူးရင်းသီးနဲ့ အရက်ရောမသောက်ဖို့ သတိပေးခဲ့ပေမယ့် သေဆုံးသူက “ဟေ့ရောင် ငါက ဒီမြေမှာမွေး ဒီနေရာမှာကြီးတာ မကြောက်ဘူးကွ” လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက် ‘ပမ်’ က တစ်ယောက်ထဲ အိမ်ကို ပြန်သွားခဲ့ပါတယ် ။ နောက်တစ်နေ့နံနက် ကားစီးဖို့ ကားမှတ်တိုင်ကိုအလာမှာ သူ့သူငယ်ချင်းကို မနေ့ညနေက သူထားခဲ့တဲ့ နေရာမှာပဲ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။
 
 
ဆေးသိပ္ပံပညာအရ ဒူးရင်းသီးနဲ့ အရက် ရောစပ် စားသောက်ခြင်းဟာ သေစေနိုင်တယ်လို့ ခိုင်ခိုင်မာမာ သက်သေပြချက် မရှိသေးပေမယ့် အရက်နဲ့ ဒူရင်းသီး တွဲစားလို့ သေခဲ့ရတဲ့အဖြစ်ပျက်အချို့ ရှိခဲ့ဖူးပါတယ်။ ဒီလို အသက်အန္တရာယ်ရှိမှုဟာ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ ကျန်းမာရေး ကိုယ်ခံအား စတဲ့ အခြေအနေတွေနဲ့လည်း စပ်ဆက်နေပါတယ်။ မည်သို့ပင်ဖြစ်စေ အန္တရာယ်ရှိနိုင်တယ်၊ ရှိဖူးတဲ့သာဓကတွေ ရှိခဲ့တယ်ဆိုရင်တော့ အသက်နဲ့ရင်းပြီး မစွန့်စားသင့်ကြောင်းပါ။

14 Aug 2019     1,780 Views




RELATED

Most Popular of Special or Others

Most Popular of NEWS