BEC-TERO TV

မိခင်ရဲ့ လွဲမှားတဲ့ အချစ်ကြောင့် ၈ နှစ်သမီးလေး အစာအိမ်ပြည်တည်

15 Aug 2019     1,501 Views


အသက် ၈ နှစ်အရွယ် သမီးလေးဟာ မိခင်ဖြစ်သူရဲ့ အချစ်ပိုကာ လွဲမှားစွာနဲ့ ဂရုစိုက်မှုလွန်ကဲတာကြောင့် အစာအိမ်ထဲမှာ ပြည်တည်နာ ဖြစ်ခဲ့ပါတယ်။ ကလေးဟာ ဗိုက်အောင့်တဲ့ ဝေဒနာကို ခံစားနေရတာ တစ်နှစ်လောက်ရှိပြီဖြစ်ပြီး အခြေအနေပိုဆိုးလာတာကြောင့် ဆေးရုံပြခဲ့ရာ ကလေးရဲ့ အစာအိမ်ထဲမှာ မိခင်ထံကနေ ကူးစက်တဲ့ ဘက်တီးရီးယားပိုးကြောင့် အစာအိမ်ပြည်တည်နေတာဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။
 
ဒီအပြုမှုမျိုးဟာ အာရှတိုက်က မိခင်တွေ အထူးသဖြင့် မြန်မာပြည်က မိခင်တွေ အများဆုံး လုပ်လေ့လုပ်ထရှိတဲ့ အကျင့်ဖြစ်ပါတယ်။ စိုးရိမ်မိပြီး လုပ်လိုက်တဲ့ အပြုအမူက အခန့်မသင့်တဲ့အခါ ကလေးအတွက် အသက်အန္တရာယ်ရှိသွားနိုင်ပါတယ်။
 
 
Illustration Only
 
တရုတ်နိုင်ငံ ဟန်ကျိုးပြည်နယ်က ‘ရှောင်းမေ’ ဆိုတဲ့ ကလေးမလေးဟာ အသက် ၈ နှစ်ရှိပါပြီ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု အရှိန်ရနေတဲ့ ဒီအရွယ်မျိုးမှာ ကလေးက အစားအရမ်းစားပါတယ်၊ အထူးသဖြင့် အသားကို ပိုကြိုက်ပါတယ်။ မိဘတွေကလည်း စားနိုင်လို့စားတာ စားပါစေဆိုပြီး အစားအသောက်ကို မပိတ်ပင်ပါဘူး။ 
 
ဒါပေမယ့် နောက်ပိုင်းမှာ ကလေးက မကြာခဏဗိုက်အောင့်တတ်ပြီး ညဘက်တွေဆိုရင် ကောင်းကောင်းမအိပ်နိုင် ဖြစ်လာပါတယ်။ အဲဒီအခါနာကျင်လို့ ကလေးက ငိုတဲ့အခါ မိဘတွေက သူဗိုက်ဆာလို့ ဖြစ်မှာပါဆိုပြီး ခပ်အေးအေးပဲ နေလိုက်ကြပါတယ်။
 
 
Illustration Only
 
မကြာသေးခင်ကပဲ သူတို့မိသားစု ရုရှားနိုင်ငံကို သွားလည်ကြတုန်း ရာသီဥတုအေးတဲ့ဒဏ်ကြောင့် ကလေးရဲ့ ဝေဒနာ ပိုဆိုးလာတဲ့အတွက် တရုတ်နိုင်ငံကို ချက်ခြင်း ပြန်လာပြီး ဆေးရုံပြခဲ့ကြပါတယ်။
 
‘ရှောင်မေ’ ကို ဆရာဝန်တွေက ဆေးစစ်ကြည့်ပြီး မိသားစုတွေထဲမှာရော ဒီလို အစာအိမ်ရောဂါမျိုး (Helicobacter Pylori infection)ဖြစ်ဖူးလားလို့ မေးကြည့်ပါတယ်။ ဒီရောဂါပိုးဟာ ခန္ဓာကိုယ်ထဲဝင်သွားပြီး အစာချေလမ်းကြောင်းမှာ အခြေတည်ပြီး အစာအိမ်လမ်းကြောင်းမှာ ပြည်တည်စေတဲ့ ရောဂါပိုးမျိုးဖြစ်ပါတယ်။
 
မိခင်ဖြစ်သူက အံ့သြသွားပြီး ဒီရောဂါဟာ သူသမီးလေးမှာ ဘယ်လိုရှိနေလဲလို့ တွေးမိသွားပါတယ်။ ဒီအခါကျမှ သူမမှာ ဒီရောဂါမျိုးဖြစ်ဖူးပြီး ဆေးကုသဖို့ နေ့ရွေ့ညရွေ့လုပ်နေခဲ့တာကို သတိရသွားပါတယ်။
 
 
Illustration Only
 
မိခင်ဖြစ်သူက ‘ရှောင်းမေ’ ကို ပူပူနွေးနွေး အစားအသောက်တွေ ခွံ့ကျွေးရာမှာ ကလေးအပူလောင်မှာစိုးတဲ့အတွက် အစားသောက်တွေကို သူမပါးစပ်နဲ့ တစ်ဖူးဖူးမှုတ်ရင်း အပူရှိန်လျှော့အောင် လုပ်ပြီးမှ ကျွေးတတ်တဲ့ အလေ့အထကြောင့် ဘက်တီးရီးယားပိုးတွေက အစားအသောက်မှာ ကပ်ပြီး ကလေးရဲ့ အစာအိမ်မှာ ပြည်တည်နာဖြစ်ခဲ့တာဖြစ်ကြောင်း ဆရာဝန်တွေက အကြောင်းရင်းကို တွေ့သွားခဲ့ပါတယ်။
 
ဒီရောဂါဟ ပျံ့ပွားလွယ်ပြီး မိသားစုဝင်ထဲက တစ်ယောက်ယောက်မှာ ရှိတာနဲ့ ကျန်မိသားစုဝင်တွေဆီကိုပါ အလွယ်တကူ ကူးစက်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီရောဂါပိုးတွေဟာ မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်ရေတို့မှတစ်ဆင့်လည်း တစ်ယောက်ကို တစ်ယောက်ကူးစက်နိုင်ကြောင်း သိရပါတယ်။
 
ဒါကြောင့်မို့ ကလေးတွေကို အစားအစာကျွေးတဲ့အခါ လူကြီးတွေက ဝါးကျွေးတာတွေ၊ တဖူးဖူးနဲ့ မှုတ်ပြီး ကျွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိလို့ ရှောင်ကျဉ်သင့်ပါတယ်။

 


15 Aug 2019     1,501 Views




RELATED

Most Popular of Special or Others

Most Popular of NEWS