BEC-TERO TV

မိဘတွေ ကိုယ့်ကလေး ပျက်ဆီးနေပြီလားဆိုတာ သိနိုင်တဲ့ အချက် (၁၀) ချက်

09 Sep 2019     1,496 Views


မိဘတိုင်းဟာ သားသမီးတွေကို ချစ်ကြသူတွေချည်းဖြစ်ပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် သားသမီးလိုချင်တာမှန်သမျှ မျက်နှာတစ်ချက်မညိုးရအောင် စင်္ကြာဝဋ္ဌာကြီးတောင် ဝယ်ပေးချင်ကြသူတွေပါ။ 
 
ဒါပေမယ့် ဒီအပြုအမူတွေကြောင့်ပဲ သားသမီးတွေကို မိဘတွေကိုယ်တိုင်က ဖျက်ဆီးလိုက်သလို ဖြစ်သွားပြီး ဆိုးသွမ်းတဲ့ ကလေးတွေ ဖြစ်လာတတ်တယ်ဆိုတာ သတိရှိစေချင်ပါတယ်။  မိဘတိုင်းဟာ ကိုယ့်သားသမီးကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေပဲ ဖြစ်စေချင်ကြမှာပါ။
 
ကလေးတွေ ပျက်ဆီးရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျပြောနိုင်ဖို့ဆိုတာ သူတို့တွေကို အလိုလိုက်ရတာထက် အများကြီးခက်ပါတယ်။ သူတို့တွေ ပူဆာတာမှန်သမျှ မိဘတွေက တစ်ခုပြီးတစ်ခု ထပ်ထပ် ဝယ်ပေးနေတာထက် လိုချင်တာတွေကို မိဘတွေဆီကနေ ချင့်ချိန်ပြီး တောင်းဆိုတတ်အောင် သင်ပေးသင့်ပါတယ်။
 
သူတို့လုပ်ချင်တာတွေကိုချည်း ပေးလုပ်နေတာထက် သူတို့ဘာလုပ်သင့်တယ်ဆိုတာကို သူတို့ကိုယ်တိုင် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် လေ့ကျင့်ပေးသင့်ပါတယ်။
 
ကလေးတွေပျက်ဆီးစေတဲ့အကြောင်းက မိဘတွေအနေနဲ့ သူတို့တွေကို (လက်ဆောင်၊ ဂရုစိုက်မှု၊ လွပ်လပ်ခွင့်) စတာတွေကို ဘယ်လောက်များများ ဖြည့်ဆည်းပေးနေလဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ အဲဒီအရာတွေကို ဘယ်လိုပုံစံမျိုးနဲ့ သူတို့ကို ဖြည့်ဆည်းပေးတာလဲ ဆိုတဲ့ နည်းလမ်းနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။
 
ကလေးတစ်ယောက်ဟာ သူ့ရဲ့အိပ်ခန်းတစ်ခန်းလုံး အရုပ်တွေပြည့်နှက်နေ ရှိပေမယ့် မပျက်ဆီးနိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ ဒီအရုပ်တွေဟာ သူတောင်းတိုင်း မိဘတွေက ဝယ်ပေးထားတဲ့ အရုပ်တွေ မဟုတ်လို့ပါပဲ။ တစ်ချိန်ထဲမှာပဲ သူလုပ်ချင်တာတွေကို တစ်ချိန်လုံး မိဘတွေက အလိုလိုက်နေတဲ့ ကလေးတစ်ယောက်ကတော့ ပျက်ဆီးနိုင်ပါတယ်။
 
မိဘတိုင်း သတိထားသင့်ပြီး ကလေးတွေကို ပျက်ဆီးစေနိုင်တဲ့ အပြုအမှု (၁၀) ခု
 
၁။ ကလေးတွေတောင်းသမျှ ပေးနေခြင်း (အလိုလိုက်ခြင်း)
 
၂။ ကလေးက သူလိုချင်တာ မရမခြင်း ဒေါသထွက် သောင်းကျန်းခြင်း
 
၃။ သူတို့လိုချင်တာ တစ်ခုခုကို ပူဆာတဲ့အခါ ကလေးက “ကျေးဇူးပြုပြီး ဝယ်ပေးပါနော်” ဒါမှ မဟုတ် ဝယ်ပေးလိုက်တဲ့အခါမှာလည်း “ကျေးဇူးတင်ပါတယ်” လို့ မတုံ့ပြန်တာမျိုး။
 
၄။ ကလေးက သူလိုချင်တာပဲ သူသိပြီး အခြားသူအတွက် မသိတတ်တာမျိုး။
 
၅။ သူလိုချင်တာ ချက်ခြင်းမရတဲ့အခါ ချက်ခြင်းဒေါသထွက် ပေါက်ကွဲပြခြင်း။
 
၆။ မိဘက “မရဘူး” လို့ ငြင်းလိုက်တာနဲ့ ချက်ခြင်း ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်ခြင်း။
 
၇။ အရုပ်အသစ်တွေ ထပ်ရပေမယ့် သူမပျော်ရွှင်နိုင်တော့ခြင်း။
 
၈။ မိဘက တစ်ခုခုကို တာဝန်ပေးတဲ့အခါ စကားနားမထောင် မလိုက်နာခြင်း။
 
၉။ မျှဝေတတ်တဲ့စိတ် အလှည့်ပေးလိုတဲ့စိတ် မရှိတာကြောင့် အခြားကလေးတွေက ကိုယ့်ကလေးနဲ့ အတူတူ မကစားလိုတော့ခြင်း။
 
၁၀။ ကလေးက ကလေးနဲ့ မတူတော့ဘူးလို့ ပတ်ဝန်းကျင်က သတိပေးပြောလာတဲ့အခါ။
 
စတဲ့အချက်တွေထဲက အချက်တစ်ခုခုနဲ့ ညိနေပြီဆိုရင်တော့ ကိုယ့်ရဲ့ သားသမီးဟာ ပျက်ဆီးနေပြီလား ဒါမှမဟုတ် ပျက်ဆီးခြင်းလမ်းကြောင်းပေါ် ရောက်နေပြီလားဆိုတာကို မိဘတွေ ရိပ်စားမိနိုင်ပါတယ်။
 
ကလေးရဲ့ အပြုအမူတွေ အပြောအဆိုတွေကို ကြည့်ပြီး ပျက်ဆီးတော့မှာပဲလို့ ဆွေမျိုးတွေနဲ့ မိတ်ဆွေကောင်းအချို့က စေတနာနဲ့ ထောက်ပြ သတိပေးတဲ့အခါ ကိုယ့်ကလေးကို ချက်ခြင်းပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့ မိဘတွေက ရှားပါးပြီး ပြောတဲ့သူတွေကို စိတ်ဆိုးတတ်တဲ့ မိဘတွေကတော့ အများကြီးပါ။
 
ကလေးတွေ မပျက်ဆီးရအောင် ထိန်းကြောင်းသင့်တဲ့ နည်းလမ်း (၅)ခုကိုလည်း အကြံပြုလိုက်ပါတယ်။
 
၁။ သူတို့တောင်းတိုင်း ဝယ်မပေးနဲ့
မိဘတစ်ယောက်အနေနဲ့ ဒါဟာ ကလေးအပေါ် ရက်စက်ရာကျတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အလိုမလိုက်ခြင်းကသာ ဘယ်အရာမှ လွယ်လွယ်မရပါလား ဆိုတာနားလည်ပြီး တန်ဖိုးထားတတ်တဲ့စိတ် ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ပါလိမ့်မယ်။
 
၂။ သူတို့ကို နားလည်အောင်ရှင်းပြပါ
တစ်ခုခုကို လိုချင်တယ်လို့ ပူဆာတာနဲ့၊ မဝယ်ပေးဘူးလို့ ငြင်းလိုက်တာထက် သူတို့ဆီမှာရှိနှင့်ပြီးဖြစ်တဲ့ အလားတူ ပစ္စည်း(အရုပ်) ကို ညွှန်းပြပြီး နားလည်ချင့်ချိန်တတ်အောင် သင်ပေးဖို့လိုပါတယ်။
 
၃။ ကိုယ်ချင်းစာနာစိတ်ရှိအောင် တိုက်တွန်းပါ
ပျက်ဆီးနေတဲ့ ကလေးတွေဟာ သူတို့ရဲ့ ရှုထောင့်တစ်ခုကနေပဲ လောကကြီးကို ကြည့်တတ်ပါတယ်။ ဒါကြောင့် အခြားသူတွေရဲ့ နေရာကနေလည်း ကြည့်မြင်တတ်အောင် မိဘတွေက ပြောပြသင်ကြား လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
 
၄။ အိမ်မှာ စည်းကမ်း သေချာသတ်မှတ်ပေးခြင်း
ကလေးကို အိမ်မှာ သူလိုချင်တာတွေ ပေးလုပ်လိုက်တာက ပိုလွယ်တယ်၊ နားအေးပြီးရောလို့ မထားလိုက်ပါနဲ့။ ကလေးတွေကို အိပ်ချိန်၊ စားချိန်၊ ကစားချိန်၊ တီဗီကြည့်ချိန် စတာတွေကို စည်းကမ်းတကျ လိုက်နာကျင့်သုံးတတ်အောင် ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
 
၅။ ချစ်တာနဲ့ နှစ်တာကို မရောထွေးပါစေနဲ့
သားသမီးတွေက တောင်းတိုင်း လွယ်လွယ်ကူကူပဲ ‘ရော့အင့်’ လို့ ပေးနိုင်နေတိုင်း သားသမီးကို အရမ်းချစ်တတ်တဲ့ မိဘပါလားဆိုပြီး ဂုဏ်ယူမနေပါနဲ့ တစ်ကယ်တော့ ဒါဟာ သားသမီးကို ဖျက်ဆီးနေတာပါ။ ဒါကြောင့် သားသမီးတွေကို ချစ်တော့ချစ်ပါ အလိုမလိုက်ပါနဲ့ လို့ အကြံပြုလိုက်ပါတယ်။

 


09 Sep 2019     1,496 Views




RELATED

Most Popular of Special or Others

Most Popular of Life Style