BEC-TERO TV

အွန်လိုင်းဗီယိုကြည့်ပြီး စမ်းသပ်ရာ ၁၄ နှစ်သမီးလေး သေဆုံး (ရုပ်သံ)

12 Sep 2019     1,476 Views


လူမှုကွန်ယက်ဆိုရှယ်မီဒီယာပေါ်မှ တက်လာသော ပြောင်းဖူးပေါက်ပေါက် အလွယ်တကူလုပ်နည်း သင်ကြားပြသတဲ့ DIY(Do It Yourself) ရုပ်သံတစ်ခုအတိုင်း ကိုယ်တိုင်စမ်းသပ်ကြည့်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး စက်တင်ဘာလ ၅ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။
 
 
တရုတ်နိုင်ငံမှ မိန်းကလေးနှစ်ဦး ‘ကျိုး’ ၁၄ နှစ် နဲ့ သူငယ်ချင်းဖြစ်တဲ့ ‘ပန်’ ၁၂ နှစ် တို့နှစ်ယောက် ရုပ်သံမှာ ပြသထားသည့်နည်းအတိုင်း အအေးဗူး(သံဗူး) တွေကို အသုံးပြုပြီး လိုက်လုပ်ခဲ့ကြပါတယ်။ ရုပ်သံမှာပါတဲ့အတိုင်း ပြောင်းဖူးစေ့များကို အလူမီနီယံသံဗူးထဲထည့်ပါတယ်၊ နောက်ထပ် သံဗူးတစ်လုံးကိုတော့ အောက်ကနေ မီးအပူပေးဖို့ အရက်တွေထည့်ထားပါတယ်။ 
 
 
အဲဒီသံဗူးနှစ်လုံးကို ဆင့်ပြီးမီးရှို့ခဲ့ရာမှာ သူတို့သုံးခဲ့တဲ့ အရက်တွေက အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမြင့်မားတဲ့အတွက် အကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပြီး နှစ်ယောက်စလုံး မီးလောင်ကျွမ်းဒဏ်ရာတွေနဲ့ အတွင်းလူနာအဖြစ် ဆေးရုံတင်ခဲ့ရပါတယ်။
 
 
သူတို့ထဲက ‘ကျိုး’ ရဲ့ ဒဏ်ရာ ပြင်းထန်ပြီး ခန္ဓာကိုယ်ရဲ့ ၉၆% မီးလောင်ကျွမ်းခံရပြီး ‘ပန်’ကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိခဲ့ပါဘူး။ ပေါက်ကွဲမှုဖြစ်စဉ်ဟာ သြဂုတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး နှစ်ပတ်ကျော်ကြာ ဆေးရုံမှာကြိုးစားပြီး ကုသခဲ့ပေမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အသက် ၁၄ နှစ်အရွယ် ‘ကျိုး’ ဆိုတဲ့ မိန်းကလေး သေဆုံးသွားခဲ့ပါတယ်။
 
သူတို့တွေဟာ တရုပ်ပြည်မှာ နာမည်ကြီးနေတဲ့ Chef Ms Yeah ရဲ့ ဗီဒီယိုကို လက်တွေ့လိုက်လုပ်ကြည့်ရင်း အခုလို အသက်ပေးလိုက်ရတာဖြစ်တယ်လို့ အွန်လိုင်းသုံးစွဲသူတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
 
 
လတ်တလောမှာတော့ Chef Ms Yeah ကို ကလေးတွေကို သေရွာပို့ခဲ့သူအဖြစ် အွန်လိုင်းသုံးသူတွေက ဝိုင်းဝန်းပြစ်တင်ဝေဖန်နေကြပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့စာတွေ ပေးပို့ခံနေရပါတယ်။ နောက်ဆုံးမှာတော့ Chef Ms Yeah က သူမအနေနဲ့ စိတ်မကောင်းကြောင်း စာအရှည်ကြီးကို ဝီဘိုမှာ ရေးတင်ထားခဲ့ပြီး အသက်ရှင်ကျန်ခဲ့တဲ့ ‘ပန်’ အတွက် ဆေးကုသစရိတ်တွေကို သူမတတ်နိုင်သလောက် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကတိပေးထားပါတယ်။
 
 
ဒါ့အပြင် မိန်းကလေးနှစ်ယောက်ဟာ သူ့ရဲ့ဗီဒီယိုမှာ ပြထားသလိုမျိုး လုပ်ခဲ့ကြတာမဟုတ်ဘူးဆိုတာကိုလည်း သင်္ကာရှင်းထားပါသေးတယ်။ သူ့ရဲ့ဗီဒီယိုမှာ အောက်ကနေ ရေနွေးအပူပေးတဲ့ ဖန်ကရားတစ်ခုနဲ့ မီးအေးအေးထားကာ ပြောင်းဖူးပေါက်ပေါက်တွေ ဖောက်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြထားပါတယ်။

12 Sep 2019     1,476 Views




RELATED

Most Popular of Special or Others

Most Popular of NEWS