BEC-TERO TV

အရွယ်ရောက်လာပြီဖြစ်တဲ့ မီမီ(meme) တို့ရဲ့ ဘုရင်လေး “ဆမ်မီ”

18 Sep 2019     1,727 Views


သင်ဟာ အင်တာနက် အမှန်အကန်သုံးတဲ့သူဆိုရင်တော့ ဒီပုံလေးကို တစ်နေရာရာမှာ မြင်ဖူးမှာ သေချာပါတယ်။ မျက်လုံးဝိုင်းဝိုင်းနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ ပါးစပ်ကို တင်းတင်းစေ့ထားတဲ့ ချစ်စရာကလေးလေးရဲ့ ပုံနဲ့အတူ များစွာသော သရော်စာတွေ မီမီတွေ အခုချိန်ထိ တစ်မျိုးမျိုးပြီးတစ်မျိုး ရေးသားဖန်တီးနေကြဆဲဖြစ်ပါတယ်။
 
 
ဒါပေမယ့် ဒီပုံထဲက ကလေးလေးအကြောင်းကိုတော့ သိပ်မသိကြပါဘူး၊ အခုဆိုရင် ဒီကလေးလေးက ဘယ်အသက်ရှိနေပြီလို့ ထင်ပါသလဲ..?
 
ဓါတ်ပုံထဲက ကလေးလေးရဲ့ နာမည်က “ဆမ်မီ ဂရင်နာ(Sammy Griner)” ဖြစ်ပါတယ်။ ဒီဓါတ်ပုံကို ၂၀၀၇ ခုနှစ်တုန်းက သူ့အသက် ၁၁ လသားအရွယ်မှာ သူ့ရဲ့မိခင်က မထင်မှတ်ပဲ ရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက “ဆမ်မီ” နဲ့ သူ့ရဲ့အမေ “လန်နီ ဂရင်နာ” တို့ဟာ ဖလော်ရီဒါမှာရှိတဲ့ ပွန်တီဗီဒရာကမ်းခြေကို သွားလည်ခဲ့ကြပါတယ်။
 
“ဆမ်မီ” က ကလေးသဘာဝ စိတ်တွေလှုပ်ရှား ပျော်မြူးပြီး ကမ်းခြေက သဲတွေကို သူ့လက်နဲ့ ဆုပ်ကိုင်ထားသလို ပါးစပ်ထဲလည်း ထည့်လိုက်မိတာကြောင့် ထူးဆန်းတဲ့ အရာတစ်ခုစားလိုက်မိတဲ့အခါ ကလေးတွေရဲ့ မျက်နှာမှာ ဖြစ်သွားတဲ့အတိုင်း ချစ်စရာအမူအယာကို သူ့အမေက ဓါတ်ပုံအမိအရ ရိုက်ယူနိုင်ခဲ့ပါတယ်။
 
အသက်ဝင်လွန်းတဲ့ ဒီဓါတ်ပုံကို မိခင်ဖြစ်သူက သဘောကျတဲ့အတွက် Flickr(ဖလစ်ကာ) ဓါတ်ပုံတင်တဲ့ ဝဘ်ဆိုက်မှာ တင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အစပိုင်းလောက်မှာတော့ ဒီပုံဟာ အွန်လိုင်းပေါ်မှာ အကြီးအကျယ်ပျံ့နှံ့သွားပြီး အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြန်တင်သူတွေ၊ ဓါတ်ပုံနဲ့ တွဲဖက်ပြီး ဟာသဖြစ်အောင် စာသားရေးတာတွေနဲ့ ပွထသွားခဲ့ပါတယ်။
 
 
၂၀၁၂ ခုနှစ်မှာတော့ ဒီဓါတ်ပုံကို ဗြိတ်သျှမီဒီယာကုမ္ပဏီ Virgin Media က ကြောညာဆိုင်းဘုတ် အကြီးစားကြီးမှာ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်တဲ့ “လန်နီ ဂရင်နာ” ကိုလည်း အင်တာဗျူးတွေလာလုပ်ကြတဲ့အခါ သူမကိုယ်တိုင် ဒီဓါတ်ပုံလေးက အဲဒီလောက်တောင် အောင်မြင်သွားလားဆိုပြီး အံ့အားသင့်ခဲ့ရပါတယ်။ ဒီပုံလေးကို ရိုက်လိုက်မိတဲ့အတွက်လည်း ဂုဏ်ယူမဆုံးပါဘူးလို့ အင်တာဗျူးတွေမှာ ပြောခဲ့ပါတယ်။
 
 
အခုဆိုရင်တော့ “ဆမ်မီ” ဟာ အသက် ၁၃ နှစ်အရွယ် လူပျိုပေါက်လေးဖြစ်လာပါပြီ၊ ချောသထက် ပိုချောလာပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ မျက်နှာလေးကလည်း ချိုပါတယ်။ သူ့ရဲ့ ပုံတွေကိုတော့ သူ့အမေက ဝဘ်ဆိုက်တွေပေါ်မှာ အခုချိန်ထိ ဆက်တိုက်ဆိုသလို တင်ပေးနေဆဲဖြစ်ပါတယ်။
 
 
ဒါကတော့ အွန်လိုင်းသုံးသူတွေကိုယ်တိုင် တစ်ခါတစ်လေ ပြန်ရှယ်ခဲ့ဖူးကြမယ့် လက်သီးကို ကျစ်ကျစ်ဆုပ်၊ ပါးစပ်ကို တင်းတင်းစေ့ပြီး အားတင်းထားဆိုတဲ့ အဓိပ္ပါယ်အပါအဝင် အခြားအဓိပ္ပါယ်ပေါင်းများစွာကို ထင်ဟပ်စေတဲ့ ချစ်စရာကလေးလေး “ဆမ်မီ”ရဲ့ အကြောင်းဖြစ်ပါတယ်။

18 Sep 2019     1,727 Views




RELATED

Most Popular of Special or Others

Most Popular of NEWS