BEC-TERO TV

တောင်ကိုးရီးယား၊ ဘူဆန်တွင် အလယ်တန်းကျောင်းသူအချင်းချင်း အနိုင်ကျင့်နှိပ်စက်မှုဖြစ်ပွား

30 Sep 2019     1,505 Views


တောင်ကိုးရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် အသက် ၁၄ နှစ်အရွယ်အလယ်တန်းကျောင်းသူကို အသက် ၁၃ နှစ်အရွယ် ကျောင်းသူက သေလုနီးပါး ရိုက်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အနိုင်ကျင့် နှိပ်စက်ခံရသူ၏ မိခင်မှ လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ ဒဏ်ရာတွေဗရပွနဲ့ သမီးဖြစ်သူရဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။

“ကျွန်မ သမီးလေး ရိုက်နှက်ခံလိုက်ရတာပါ၊ အခုဆိုရင် မျက်နှာက ရစရာတောင် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်လက သမီးကို သူသိတဲ့ ကောင်လေးတစ်ယောက်က ဆက်သွယ်ပါတယ်။ အဲ့ကောင်လေးက အခု ဒီလိုဖြစ်အောင် ရိုက်လိုက်တဲ့ ကောင်မလေးရဲ့ ချစ်သူပါ။ အဲ့ကတည်းက ကျွန်မသမီးလေး ရိုက်နှက်နှိပ်စက်ခံခဲ့ရလို့ ရဲကို တိုင်ခဲ့ပါတယ်။ ခုလဲ ရဲကို တိုင်လို့ဆိုပြီး ကျွန်မကလေးကို အုပ်စုဖွဲ့ ထပ်အနိုင်ကျင့်ပါတယ်။

မီဒီယာတွေ မဟုတ်မမှန် သတင်းတွေ ရေးဖို့ မကြိုးစားပါနဲ့။ ကျွန်မမှာ အသံဖိုင်တွေရော ကျန်တဲ့သက်သေတွေပါ အကုန်ရှိပါတယ်။ သမီးက အခု ဆန်ပြုတ်တောင် မသောက်နိုင်တဲ့ အခြေအနေမို့ ငြိမ်နေတာပါ။

မိဘတစ်ယောက်အနေနဲ့ သူများကလေးတွေ ကိုယ့်ကလေးလို မဖြစ်ရအောင် အသိပေးတဲ့အနေနဲ့ ကျွန်မ ဒီပို့စ်ကို တင်လိုက်တာပါ။ မိဘတွေ သတိထားကြပါ။ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မကြုံရအောင် ကိုယ့်ကလေးကို နည်းလမ်းမျိုးစုံနဲ့ ကာကွယ်ပေးကြပါ။” ဆိုပြီးရေးသားထားပါတယ်။

ရဲများ ထွက်ဆိုချက်အရ Jeong Yumi နာမည်နဲ့ မိန်းကလေး ဦးဆောင်ပြီး ၅ ယောက်အဖွဲ့ဟာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ညအချိန် လမ်းမထက်မှာ အနိုင်ကျင့်နေခဲ့ကြောင်း သိရပါတယ်။ လမ်းလျှောက်ထွက်လာတဲ့ အဒေါ်ကြီးတစ်ဦးက သွေးသံရဲရဲနဲ့ မြေပြင်ပေါ် လဲကျနေတဲ့ မိန်းကလေးကို မြင်ပြီး ရဲကို ဖုန်းဆက်ခဲ့ပါတယ်။

CCTV မှတ်တမ်းအရ အလယ်တန်းကျောင်းသူတွေ အုပ်စုဖွဲ့ အနိုင်ကျင့်နေတာကို အတိုင်းသား မြင်တွေ့ရပါတယ်။

Jeong Yumi နဲ့ အပေါင်းအပါတွေကို ဘူဆန်မြို့နယ်၊ ကလေးတရားစီရင်ရေးဆိုင်ရာ တရားရုံးသို့ ပို့လိုက်ပြီး အစစ်ဆေးခံစေခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမှုကျူးလွန်သူ Jeong Yu Mi ရဲ့ ဖခင်က “ကျွန်တော် သတင်းကို မြင်မြင်ချင်း အံ့အားသင့်သွားတယ်။ CCTV က ဗွီဒီယိုကိုလဲ ကြည့်လိုက်ရတဲ့ လူက ခြေတောင် မခိုင်တော့ဘူး။ ကျွန်တော့် သမီးက သူများကို ဒီလို အနိုင်ကျင့် နေလိမ့်မယ်လို့လဲ မထင်ခဲ့ဘူး။ နစ်နာသူ ကလေးနဲ့ သူ့မိဘတွေကို ကျွန်တော် လူချင်းတွေ့ပြီး တောင်းပန်ပြီးပါပြီ။ လျော်ကြေးငွေကိုလည်း ထိုက်သင့်သလောက် ပေးသွားမှာပါ၊ အခုလို ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ အားလုံးကို တောင်းပန်ပါတယ်” ဆိုပြီး ပြောပြလာပါတယ်။

ဒီအမှု ဖြစ်ပွားပြီးနောက် တောင်ကိုးရီးယား ပြည်သူတွေဟာ အိမ်ပြာတော်ကို “ကလေးသူငယ် အခွင့်အရေး ဥပဒေ” ကို ပြောင်းလဲ ပြဋ္ဌာန်းဖို့ တောင်းဆိုစာတွေ ပေးပို့ခဲ့ကြပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ပြဋ္ဌာန်းဥပဒေအရ အသက်မပြည့်သေးတဲ့ ကလေးတွေ ပြစ်မှု ကျူးလွန်ထားရင်တောင် အရွယ်ရောက်ပြီးသားလူတွေလို တရားဥပဒေအတိုင်း ဆောင်ရွက်ခွင့်မရှိပါဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး ကလေးတွေဟာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ တစ်ယောက်နဲ့တစ်ယောက် နိုင်ထက်စီးနင်းတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုေလး)


30 Sep 2019     1,505 Views




RELATED

Most Popular of International News

Most Popular of NEWS