BEC-TERO TV

ပရိတ်သတ် သတိမထားမိခဲ့တဲ့ မျက်နှာဖုံးအောက်က Sulli

16 Oct 2019     1,379 Views


တောင်ကိုးရီးယား နာမည်ကျော် အဆိုတော် သရုပ်ဆောင် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ပါတယ်။ Sulli ဟာ အနုပညာလောကထဲကို အသက် ၁၂ နှစ်အရွယ်ကတည်းက ဝင်ရောက်ခဲ့ သူတစ်ဦးပါ။

 

 

Sulli သေဆုံးသွားပြီးနောက် များစွာသော အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေ စိတ်မကောင်းခြင်းကြီးစွာဖြစ်နေ လျက်ရှိပါတယ်။ Sulli နဲ့ ခင်မင်သူ အနုပညာမိတ်ဆွေ တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Yoo Ah In က သူမရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လူမှုကွန်ယက် အင်စတာဂရမ်ကနေ အောက်ပါအတိုင်းပြောပြလာပါတယ်။

 

 

"Sulli ဆုံးပါးသွားခဲ့ပြီ။ သူ့ရဲ့ နာမည်အရင်းက Jin Ri , Choi Jinri ပါ။ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ မကြာမကြာဆုံဖြစ်ကြတယ်။ ကျွန်တော်ကတော့ သူမကို အများခေါ်သလို Sulli လို့မခေါ်ဘဲ နာမည်အရင်းဖြစ်တဲ့ Jinri ကိုသာတွင်တွင် ခေါ်ဖြစ်တယ်။

 

 

သူမက ပြယုဂ်တစ်ခုပါ။ သူမကို မကြိုက်မနှစ်သက်တဲ့ သူတွေကို တွန်းလှန်ဖို့ ကြိုးစားနေတဲ့ ပြယုဂ်တစ်ခု၊ တကယ်တော့ သူမက ဟီးရိုးတစ်ယောက်ပါပဲ။ ရှေးရိုးစွဲအတွေးအခေါ်တွေထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့သူတစ်ဦး၊ ထိရှလွယ်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်တဲ့ အသိစိတ်ကြားမှာ လမ်းပျောက်နေသူတစ်ဦး သူမက အဲ့လို မိန်းကလေးတစ်ယောက်ပါ။

 

 

သူမနဲ့ ပတ်သတ်လို့ တော်တော်များများကို သဘောကျ ကြိုက်နှစ်သက်မိတယ်။ သူမပြုံးလိုက်တိုင်း အပြစ်ကင်းစင်တဲ့ အရိပ်အယောင်တစ်ခု မျက်နှာမှာပေါ်ပေါ်လာတတ်တယ်။ သူမမှာ ကျွန်တော် အရမ်းသဘောကျတဲ့ အချက်တစ်ချက်ကတော့ ယုံကြည်ချက်အပြည့်ရှိတာပဲ။ သတင်းမီဒီယာတွေ အများအပြားရှိတဲ့ ပွဲတစ်ခုမှာ သူမက mask တပ်ထားဖို့ ငြင်းဆိုခဲ့တယ်။ လူရှုပ်လူပွေပါလို့ နာမည်ကြီးနေတဲ့ ကျွန်တော်၊ သတင်းဆိုး မကြာခဏ ထွက်လေ့ရှိတဲ့ ကျွန်တော့်နားလာပြီး ခါးကို ဖက်ပြီး ပို့စ်တွေ ပေးနေခဲ့တာ။ သူမက အဲ့လို မကြောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ပြီးတော့ ပွင့်လင်းတယ်။ ဖော်ရွေတယ်။  ပြီးတော့ သူမမှာ Sulli ဆိုတဲ့ mask တစ်ခုကို တပ်ထားရတယ်။

 

 

Sulli ဆိုတဲ့ ပြယုဂ်တစ်ခုဟာ သူမရဲ့ အမှန်တကယ် ပုံစံမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူမ ဒီနာမည်နဲ့အတူ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ သူမက ခင်ဗျားတို့ ကျွန်တော်တို့ ယှဉ်လို့မရတဲ့ အရဲရင့်ဆုံး လူသားတစ်ဦးပါ။

 

ပြီးတော့ အကြိမ်ပေါင်းများစွာ သူမကို လှည့်စားခဲ့ဖူးတယ်။ သူမ ဒီလို ဖြစ်ရတဲ့ အကြောင်းအရာတွေထဲ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးပါဝင်ပတ်သတ်လို့နေတယ်။ ကျွန်တော် သူ့ကို အထင်လွဲခဲ့ဖူးပြီး သူ့ဖြစ်တည်မှုကို ဝေဖန်ခဲ့သေးတာ၊ အဲ့လို ဝေဖန်လိုက်လို့ ကျွန်တော် ကိုယ်တိုင်က ကောင်းတဲ့ လူတစ်ယောက် ဟုတ်လားဆိုတော့လည်း ဟုတ်မနေပြန်ဘူး။

 

 

သူမကို ကျွန်တော်တို့ လူနာတစ်ယောက်လို ဆက်ဆံစရာလဲမလိုသလို ဟီးရိုး တစ်ယောက်အနေနဲ့ သတ်မှတ်ပေးဖို့လဲ မလိုအပ်ပါဘူး။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ သူမက သူမဖြစ်နေလို့ပဲ။ သူမဟာ ဒီကမ္ဘာလောကကြီးမှာ ဘယ်သူနဲ့မှမတူတဲ့ ဖြစ်တည်မှုမျိုး၊ သူမရဲ့ ပင်ကိုယ်မူလ ပုံစံ၊ သူမရဲ့ စိတ်သဘောထားတွေ သူမဘာသာ သူမ လွတ်လပ်စွာဖြစ်တည်ခွင့်ရှိတယ်။

 

 

ဒါနဲ့ သူမသေသွားပြီဆိုတာ တကယ်ရောမှန်ရဲ့လား? အခုထိ ကျွန်တော် မယုံနိုင်သေးဘူး။ စခရင်ပေါ်က သတင်းတွေကို မြင်ပြီး ကျွန်တော်လဲ စခရင်ပေါ်မှာပဲ ပြန်လည်ရေးသားဖြစ်နေတယ်" ဆိုပြီးရေးသားထားပါတယ်။

 

 

Sulli ဟာ ပရိတ်သတ် ချစ်ခင်တဲ့ အနုပညာရှင်ဖြစ်ရုံသာမက တခြားအနုပညာရှင်တွေ ညီမအရင်းလေးလို ချစ်ကြရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာနဲ့ ပတ်သတ်လို့ သူမကို ချစ်ခင်တဲ့ အနုပညာရှင်တွေအနေနဲ့ သောကရောက်နေကြမှာအမှန်ပါပဲ။

 

ref:koreaboo

(ပိုပိုလေး)

 


16 Oct 2019     1,379 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS