BEC-TERO TV

ဈာပန အခမ်းအနား လုပ်နေတဲ့ (၃) ရက်လုံးလုံး Sulli ဘေးမှာရှိနေခဲ့တဲ့ Krystal

18 Oct 2019     1,455 Views


တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော် အဖွဲ့ F(x) အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။

Sulli ဆုံးပါးပြီးနောက် F(x) အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Victoria နဲ့ Amber တို့ လုပ်လက်စ အလုပ်တွေ အကုန် ရပ်နားထားပြီး တရုတ်နဲ့ အမေရိက ကနေ ကိုးရီးယားကို ချက်ချင်းရောက်ရောက်လာခဲ့ကြပါတယ်။ Luna ကလဲ အလုပ်တွေ ဖျက်လိုက်ပြီး Sulli ရဲ့ ဈာပနကို ကူညီဖို့ သွားရောက်ခဲ့ပါတယ်။

မီဒီယာတွေမှာ ဖော်ပြထားပုံအရ F(x) အဖွဲ့ဝင်တွေ ဖြစ်ခဲ့ဖူးတဲ့ Vitoria, Amber နဲ့ Luna တို့ Sulli ဈာပနကို လာရောက်ခဲ့ကြပေမယ့် Krystal ကတော့ ခုထိ လူလုံးမပြနိုင်ဖြစ်နေခဲ့ပါတယ်။ F(x) မှာ Krystal နဲ့ Sulli တို့ဟာ  သက်တူရွယ်တူ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး Krysal ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးသားတင်ခဲ့ခြင်းမရှိသလို မီဒီယာတွေရှေ့ လူလုံးထွက်ပြတာလဲ မရှိခဲ့ပါဘူး။

 “Krystal ဘယ်ရောက်နေတာလဲ သူငယ်ချင်း တစ်ယောက်လုံးသေတာတောင် သူက ဒီလို နေနိုင်သေးတယ်”

“သူငယ်ချင်းတစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတောင် အင်တာနက်မှာ ဘာမှမတင်ဘဲ နေနိုင်သေးတယ်နော်”

“ခုချိန်ထိ ဘာမှမရေးသေးဘူးလား” အစရှိသဖြင့် သူမ အင်စတာဂရမ် ပို့အောက်မှာ ကော်မန့်တွေ ရေးသားလာကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့၊ Sulli ကို မီးသဂြိုလ်တဲ့နေ့မှာပဲ Krystal ရဲ့ အတွင်းရေး ပြောဆိုခွင့်ရှိသူတစ်ဦးက မီဒီယာတွေကို ပြောပြလာပါတယ်။

“Sulli သေဆုံးသွားတယ်ဆိုတဲ့ သတင်းကြားပြီးပြီးချင်း Krystal တစ်ယောက် ယူကျုံးမရဖြစ်နေခဲ့တာပါ။ ဈာပန ကိစ္စဝိစ္စတွေကို ကူညီပေးဖို့ ၃ ရက်လုံးလုံး Sulli မိဘတွေနဲ့အတူရှိနေခဲ့ပါတယ်။ ဈာပနလုပ်တဲ့ ဆေးရုံအခန်းတံခါးဝမှာ သုံးရက်တိုင်တိုင် မထိုင်ဘဲ မတ်တပ်ရပ်နေခဲ့တဲ့ သူ့ကို မြင်တဲ့ သူတိုင်း စိတ်မကောင်းဖြစ်ရတယ်၊ အခု Krystal ကို လူမှုကွန်ယက်မှာပြောနေတာတွေ အရမ်းလွန်လာတာမြင်ရလို့ မနေနိုင်မထိုင်နိုင် ထုတ်ပြောရတာပါ ” ဆိုပြီးပြောပြလာပါတယ်။

Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး Krystal လူမှုကွန်ယက်မှာ မတင်ဖြစ်တာဟာ Sulli ရဲ့ ဈာပနမှာ လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးနေလို့ပဲဖြစ်ပါတယ်။ လူမှုကွန်ယက်မှာ အမုန်းစကားပြောတဲ့ လူတစ်စုကြောင့် လူတစ်ယောက် အသက်ဆုံးရှုံးပြီးသွားပါပြီ၊ ဒါကို အမှတ်မရှိ နောက်ထပ် လူတစ်ယောက်ကိုပါ အမုန်းစကားနဲ့ ချုပ်ကိုင်ချင်နေကြတာကိုပဲ အံ့ဩလို့မဆုံးတော့ပါဘူး။

ref:koreaboo

(ပိုပိုလေး)

 


18 Oct 2019     1,455 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS