BEC-TERO TV

ပရိသတ်အားပေးမှုအများဆုံးရရှိထားကြတဲ့ ပြိုင်ပွဲဝင်များ

15 Nov 2019     1,410 Views


Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးဟာဆိုရင် မြန်မာနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ အအောင်မြင်ဆုံး show ကြီးတစ်ခုလို့ ဆိုရပေမည်။ မြန်မာအိုင်ဒေါကို နိုင်ငံတစ်ကာနဲ့ အဆင့်အတန်းညီညီ ပြင်ဆင်ကျင်းပနေတာဖြစ်ပြီး Season 1 မှာ ကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ Show ကြီးက ယခု Season 4 ထိတိုင် ပိုပိုပြီးအောင်မြင်ကျော်ကြားလာတဲ့ Show ကြီးတစ်ခုအဖြစ်ရှိနေဆဲပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ဂီတဝါသနာရှင်ရွက်ပုန်းသီးလေးတွေကို ရွေးထုတ်ပြီး အောင်မြင်တဲ့အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်အောင် လှေကားထစ်သဖွယ်တွန်းတင်ပေးတဲ့ အစီအစဉ်မို့လဲ တစ်နှစ်ထက်တစ်နှစ် လာရောက်ယှဉ်ပြိုင်ကြသူဦးရေ ပိုမိုများပြားလာပြီး ဂီတဝါသနာရှင်လေးတွေသာမက ပရိသတ်တွေကပါ နှစ်စဉ်နှစ်တိုင်း မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကို စောင့်စားကြည့်ရှုအားပေးနေကြတာပါ။

ဒီနှစ် Season 4 မှာ ရွေးထုတ်ခဲ့တဲ့ Top Finalist (၁၁) ဦးကတော့ ကြည့်ရှုသူပရိသတ်အားလုံးကို စိတ်ကျေနပ်စေခဲ့တဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပါတယ်။ လူတိုင်းကိုယ်စီမှာ ပင်ကိုယ်ထူးခြားမှု၊ ပြည့်မီတဲ့ပါရမီအရည်အချင်းတွေနဲ့ ပြည့်စုံနေတာကြောင့် ကြည့်ရှုသူပရိသတ်တွေအတွက်တော့ ဘယ်သူဘယ်ဝါကို ပို၍အားပေးရမလဲ မသိတော့အောင်ထိ ဒီနှစ်ပြိုင်ပွဲဝင်တွေက အကုန်လုံးကောင်းမွန်နေကြတာဖြစ်ပါတယ်။

တစ်ချို့ကလဲ သီချင်းဆိုပြိုင်ပွဲဆိုတဲ့အတိုင်း ပြိုင်ပွဲဝင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုပုံစံကို ခံစားပြီး Vote ပေးကြ အားပေးကြတာမျိုးရှိသလို တစ်ချို့ကလဲ သူတို့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ Physical ပိုင်းဆိုင်ရာ၊ Mental ပိုင်းဆိုင်ရာနဲ့ တစ်ခြားသောအကြောင်းအရာတွေကိုကြည့်ပြီး အားပေးကြတာမျိုးတွေလဲရှိပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီနှစ်ပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်ရဲ့ အခိုင်အမာဝန်းရံမှု၊ အားပေးမှုအများဆုံးရရှိထားကြတဲ့ ပြိုင်ပွဲဝင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Tan Khon Kyaw (တန်ခွန်ကျော်)

နာဂတိုင်းရင်းသားလေးဖြစ်တဲ့ တန်ခွန်ကျော်ကတော့ ငြိမ့်ညောင်းတဲ့အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေကိုခံစားချက်အပြည့်ထည့်သွင်းပြီး mood အပြည့်နဲ့ သီဆိုတတ်သူဖြစ်တာကြောင့် ဒိုင်တွေရဲ့အမှတ်ပြည့်ပေးခံထားရသူပါ။ အနေအေးပြီး ပွင့်လင်းရိုးသားတဲ့တိုင်းရင်းသားလေးဖြစ်တဲ့အပြင် အဆိုဂီတပိုင်းမှာပါ အရည်အချင်းပြည့်၀သူဖြစ်တာကြောင့် ပရိသတ်ရဲ့အားပေးမှုတွေကို အများအပြားရရှိထားသူဖြစ်ပြီး Winner ဖြစ်မယ့် နာဂတိုင်းရင်းသားလေးဆိုပြီး ပရိသတ်တွေကြားမှာတော့ ပြောစမှတ်ဖြစ်နေတာပါ။

Benjamin Sum (ဘင်ဂျမင်ဆုမ်း)

ဘင်ဂျမင်ကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းလေးနဲ့ပြည့်စုံခဲ့သူတစ်ယောက်ပါ။ ဆံပင်ကောက်လေးနဲ့ ထူးခြားပြီးဆွဲဆောင်မှုရှိနေတဲ့ မျက်နှာပေါက်လေးကြောင့် ဒီနှစ်ပြိုင်ပွဲဝင်တွေထဲမှာတော့ လူချစ်လူခင်အများဆုံးသူဖြစ်နေပါတယ်။ အသက်အားဖြင့်လဲ ငယ်ရွယ်သေးပေမယ့် အဆိုဂီတပိုင်းမှာတော့ ပါရမီအရည်အချင်းတွေပြည့်၀နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်နဲ့ ထူးခြားစွာသီဆိုဖျော်ဖြေမှုပုံစံတွေကြောင့် ဘင်ဂျမင်ကတော့ လူချစ်လူခင်အပေါဆုံးနဲ့ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။

Aye Mya Phyu (အေးမြဖြူ)

ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးလေးဖြစ်တဲ့ အေးမြဖြူကတော့ ငယ်ငယ်ကတည်းက အနုပညာနဲ့မစိမ်းခဲ့သူပါ။ ကလေးဘ၀ထဲက သီချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အေးမြဖြူက အသက် (၁၆) နှစ်သာရှိသေးပေမယ့် ဂီတပညာရပ်ပိုင်းမှာတော့ မငယ်ရွယ်တော့တဲ့သူလို့ပင် ဆိုရပေမည်။ ချစ်စရာကောင်းတဲ့ရုပ်လေးအောက်မှာ မထင်မှတ်လောက်အောင်ကောင်းမွန်ပီပြင်တဲ့ အသံနေအသံထားကိုပိုင်ဆိုင်ထားပြီး ခေတ်ပေါ်ခေတ်ဟောင်း တေးသီချင်းပုံစံမျိုးစုံကို ကျွမ်းကျွမ်းကျွင်ကျွင်ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာကြောင့် အေးမြဖြူဟာလဲ ပရိသတ်အားပေးမှုအများဆုံး ရရှိထားသူတစ်ယောက်ဖြစ်လို့နေပါတယ်။

Esther Dawt Chin Sung (အက်စတာဒေါ့သ်ချင်းဆုန်)

မြန်မာအိုင်ဒေါပရိသတ်ကြီးက ချစ်စနိုးတဲ့ ဆုန်ဆုန်လို့ ခေါ်နေကြတဲ့ အက်စတာကတော့ ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ဒီနှစ်ရဲ့ပြိုင်ပွဲဝင်တွေထဲမှာတော့ ပေါ်ပြူလာအဖြစ်ဆုံးသူဖြစ်နေပါတယ်။ မြန်မာသီချင်းဆိုမလား… အင်တာနေရှင်နယ်သီချင်းတွေဆိုမလား… ဘယ်လိုသီချင်းမျိုးကိုမဆို သူမရဲ့ကိုယ်ပိုင်စတိုင်နဲ့ နစ်မြောစီးဝင်ပြီး ချစ်စရာကောင်းအောင်သီဆိုတတ်သူဖြစ်တာကြောင့် ကျား၊မမရွေးက ဝန်းရံအားပေးနေကြပြီး ဒီနှစ်မှာတော့ Voting အများဆုံးနဲ့ ထိပ်ဆုံးကရပ်တည်နေတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အက်စတာကို Winner ဖြစ်မယ်လို့တောင် အခိုင်အမာထင်ကြေးပေးပြောဆိုနေကြတာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ပြိုင်ပွဲဝင်တွေထဲမှာတော့ သူတို့လေးဦးက ဟစ်အဖြစ်ဆုံးနဲ့ အားပေးသူပရိသတ်အများဆုံး ပြိုင်ပွဲဝင်တွေဖြစ်ပြီး Winner ဖြစ်မယ်လို့တောင် အများကထင်ကြေးပေးထားကြတဲ့ သူတွေဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ဒီလေးယောက်ကို အားပေးတဲ့သူတွေရှိလား…? ဒီနှစ်မှာလဲ အစဉ်အလာမပြတ် ယောကျာ်းလေးကပဲ winner ဖြစ်ဦးမှာလား ဒါမှမဟုတ် မြန်မာအိုင်ဒေါရဲ့ ပထမဆုံး မိန်းကလေး winner ပဲ ပေါ်ထွက်လာမလားဆိုတာကတော့ သိပ်မဝေးတော့တဲ့အချိန်အတွင်းမှာပဲ သိကြရတော့မှာဖြစ်ပါတယ်….

(ပိုပိုလေး)


15 Nov 2019     1,410 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment