BEC-TERO TV

နှစ်ရက်အတွင်း အချပ်ရေ (၁)သောင်းတိတိရောင်းထွက်သွားလို့ အော်ဒါထပ်တင်ထားရတဲ့ Now & Ever ဇာတ်ဝင်တေးသီချင်း အယ်လ်ဘမ်

19 Nov 2019     1,385 Views


သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနား ခီတို့ ပူးပေါင်းတင်ဆက်တဲ့ Now&Ever ရုပ်ရှင်ကားကြီးဟာဆိုရင် ပရိတ်သတ် အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ Now&Ever မှာ ခေါင်းဆောင် မင်းသမီးအနေနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက မင်းသားဇဏ်ခီနဲ့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတာကို ကြည့်ပြီးသွားတဲ့ ပရိတ်သတ်တွေ သိပြီးသားဖြစ်ပါလိမ့်မယ်။

Now&Ever ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးအတွက် ဇာတ်ဝင်တေးသီချင်းတွေကို သရုပ်ဆောင် ဇဏ်ခီကိုယ်တိုင် ရေးသား ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ Now & Ever ဇာတ်ဝင် တေးသီချင်း အယ်လ်ဘမ်မှာ သီချင်း (၈) ပုဒ် ပါဝင်ပြီး ရုပ်ရှင်ကားပြသချိန်မှာ သိသိသာသာ ပါဝင်လာတဲ့ သီချင်းတွေကတော့ ‘ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်(အချစ်ကြောင့်)၊ ဖြတ်လိုက်တော့၊ အမြဲတမ်း၊ In your Eyes ၊ ကယ်တင်ရှင်၊ လူယောင်ဆောင်’ တို့ဖြစ်ပြီး အယ်လ်ဘမ်မျက်နှာဖုံးမှာ ဒီသီချင်းတွေရဲ့ နာမည်နဲ့ တေးသီချင်း သီဆိုသူတွေကိုသာ သမရိုးကျအတိုင်း ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။

ဇာတ်ကားထဲပါတာ သိပ်မသိသာလိုက်တဲ့ သီချင်းတွေကိုကျ scene no တွေနဲ့အတူ ဘယ်အခန်းမှာ ဘယ်သီချင်းလေးကို ဖွင့်ပြခဲ့တယ်ဆိုတာကအစ အယ်လ်ဘမ် မျက်နှာဖုံးမှာ အသေးစိတ် ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီလို အလုပ်လုပ်တဲ့နေရာမှာ အကွက်ကျကျ အသေးစိတ်လွန်းတဲ့ ‘ခီမောင်နှံ’ ကို ချစ်ခင်လေးစားတဲ့ ပရိတ်သတ်တွေ များပြားလွန်းတာ မဆန်းဘူးလို့ ဆိုရမှာပါပဲ။ အယ်လ်ဘမ် စတင်ရောင်းချတဲ့နေ့ကနေ ၂ ရက်အတွင်း အချပ်ရေ ‘တစ်သောင်းတိတိ’ ရောင်းကုန်သွားခဲ့ပါတယ်။

၂ ရက်ဆိုတဲ့ အချိန်ကာလ အတောအတွင်းလေးမှာ ပရိတ်သတ်တွေ မူရင်းအယ်လ်ဘမ်ခွေကို ဝယ်ပြီးအားပေးခဲ့ကြပေမယ့် မဝယ်လိုက်ရတဲ့ ပရိတ်သတ်များစွာလည်း ကျန်ရှိနေသေးတာကြောင့် သရုပ်ဆောင် ဇဏ်ခီက အခွေအော်ဒါ ထပ်မှာထားပြီး ဒီရက်ပိုင်းအတွင်း အမြန်ဆုံးရနိုင်အောင် ကြိုးစားနေတဲ့အကြောင်း လူမှုကွန်ယက်ကနေတစ်ဆင့်ပြောပြလာပါတယ်။

‘ခီမောင်နှံ’ ရဲ့ အနုပညာမြောက်တဲ့ လက်ရာကောင်းတွေကြောင့် ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့ အခုလို အနှစ်သာရပြည့်ဝတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ရှုခွင့်ရတာပဲဖြစ်ပါတယ်။ သူတို့ကို လေးစားချစ်ခင်တဲ့ ပရိတ်သတ်တွေကလည်း လေးစားသမှုနဲ့အတူ Now&Ever ဇာတ်ဝင်တေးသီချင်း အယ်လ်ဘမ်ကို အွန်လိုင်းမီဒီယာ ပလက်ဖောင်းတွေမှာ မတင်ကြဘဲ မူရင်းခွေကို သောင်းသောင်းဖြဖြအားပေးနေကြတာကို မြင်တွေ့ရတာကိုက ဝမ်းသာကြည်နူးစရာ ကိစ္စရပ်တစ်ခုဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ 

(ပိုပိုလေး)

 

 


19 Nov 2019     1,385 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS