BEC-TERO TV

The Cave ရုပ်ရှင်ဟာ တစ်လွဲတွေရိုက်ထားကြောင်း ထိုင်းမြို့တော်ဝန်ဝေဖန်

27 Nov 2019     1,361 Views


တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း အာရုံစိုက်ခြင်းခံခဲ့ရတဲ့ ထိုင်းအပျော်တမ်း ဘောလုံးအသင်းမှ ကလေး ၁၂ ယောက်နဲ့ နည်းပြ ၁ ဦးတို့ ထိုင်းနိုင်ငံ ထမ်လောင်းကျောက်လှိုဏ်ဂူကြီးအတွင်း ပိတ်မိနေခဲ့တဲ့ ဖြစ်စဉ်ကို ရိုက်ကူးပုံဖော်ထားတဲ့ “The Cave” ရုပ်ရှင်ဇာတ်ကားမှာ အချက်အလက်တွေ မှားယွင်းနေပြီး တစ်ကယ်ဖြစ်ရပ်မှန်ကို ထင်ဟပ်ပေါ်လွင်စေခြင်းမရှိကြောင်း မြို့တော်ဝန် “နာရောင်ဆပ်ခ် အိုဆော့တန်နာခရွန်” က ဝေဖန်ရှုံ့ချလိုက်ပါတယ်။

သရုပ်ဖော်မျှသာ

မြို့တော်ဝန်ဟာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွင်း ထဲထဲဝင်ဝင် ပါဝင်ပက်သက်ခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က ဒါရိုက်တာ Tom Waller ရိုက်ကူးတဲ့ The Cave ရုပ်ရှင် အထူးပွဲကို ဖိတ်ကြားခံရပြီးနောက် သွားရောက်ကြည့်ရှုပြီးတဲ့ချိန်မှာ ရုပ်ရှင်ကားဟာ အတော်စိတ်ပျက်စရာကောင်းပြီး တစ်ကယ်ဖြစ်ရပ်မှန်ကို မထင်ဟပ်စေပဲ အချို့နေရာတွေမှာ အချက်အလက်တွေ မှားနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို အသိအမှတ်ပြုပါတယ်။ ကလေးတွေကို လှိုဏ်ဂူထဲကနေ ကယ်ထုတ်ရတာ ဘယ်လောက်တောင် ခက်တယ်ဆိုတာ ပြသနိုင်လို့ပါ။ အခြားလူတွေလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလောက် ခက်မှာမဟုတ်ပါဘူးလို့ အစတုန်းက ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် လှိုက်ဂူကြီးဆီကို ရောက်သွားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထဲထဲဝင်ဝင် ပါဝင်ပက်သက်လိုက်တဲ့အခါမှာ တော်တော်ခက်ခဲပါလားဆိုတာကို အပြည့်အဝ အသိအမှတ်ပြုလိုက်ရပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ ပါဝင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့လူတွေရဲ့ လုပ်ငန်းတိုင်း လွယ်ကူတယ်ဆိုတာ မရှိခဲ့ပါဘူး

ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ ကျွန်တော်တို့ရဲ့ နည်းဗျူဟာအပိုင်းကြီး ၄ ပိုင်းနဲ့ ပက်သက်ပြီး ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။ ခေါင်းစဉ်တပ်ပြောရရင် ရေငုတ်သမားတွေ ကလေးတွေကို ကယ်ဖို့ တတ်နိုင်သလောက် ရေစုတ်ထုတ်ရတဲ့ လုပ်ငန်း၊ ဟယ်လီကော်ပတာတွေနဲ့ တောင်ထိပ်တွေကနေ ထွက်နိုင်တဲ့ အပေါက်တွေရှိဦးမလားဆိုတာ ရှာဖွေရတဲ့လုပ်ငန်း၊ လှိုဏ်ဂူထဲကို စီးဝင်နေတဲ့ ပင်မရေစီးကြောင်းကို ရှာဖွေတဲ့လုပ်ငန်းနဲ့ လှိုဏ်ဂူရဲ့ အကျဉ်းမြောင်းဆုံးလမ်းကြောင်းတွေကို လွန်သွားတွေနဲ့ တူးထုတ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်” လို့ မြို့တော်ဝန်က ဆိုပါတယ်။

ဒါ့အပြင် ရုပ်ရှင်ကားထဲမှာ ထိုင်းအစိုးရ အရာရှိကြီးတွေကို စော်ကားထားတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း မနှစ်မြိုဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ Waller ကတော့ ဒီကားဟာ ကလေးတွေကို လှိုဏ်ဂူထဲကနေ ကယ်ထုတ်ခဲ့ရတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီအချိန်တုန်းက ကျွန်တော်က အဲဒီနေရာမှာ ရှိမနေခဲ့ဘူးလေ၊ ရလာတဲ့ သတင်းအချက်အလက်လေးတွေနဲ့ ဒီအကြောင်းကို စိတ်ဝင်စားတဲ့ လူတွေဆီက သိခဲ့ရတဲ့ အကြောင်းတွေကို တင်ပြထားတာပါ။ အဲဒီနေရာကို ဝင်နိုင်ဖို့ ဧည့်ကတ်ပြားလျှောက်ဖို့အတွက် ဘယ်သူနဲ့ ဆက်သွယ်ရမှန်းလည်း မသိပါဘူး။ ကျွန်တော့်အနေနဲ့ ဒီရုပ်ရှင်ကို ဘက်မျှစေချင်တဲ့ သဘောပါ၊ ဘယ်ဘက်ကိုမှ မလိုက်ထားပါဘူး။ ရုပ်ရှင်ထဲမှာ လိုအပ်ချက်တွေ အများကြီး ရှိနေဦးမှာပါ” လို့ ဆိုပါတယ်။

အဲဒီနောက် Wallet က သူ့ရဲ့ ဖေ့စ်ဘွခ်ပေါ်မှာ “မနေ့ညက The Cave ရုပ်ရှင် အထူးပွဲကို သွားခဲ့တာ ကံကောင်းထောက်မစွာနဲ့ မြို့တော်ဝန်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်စပြီး ပထမပိုင်း မိနစ် ၂၀ လောက်မှာပဲ ဇာတ်ကားနမူနာမှာ ထည့်ထားတဲ့ အချက်လက်တွေ မမှန်လို့ ဖယ်ရှားပစ်ဖို့ သူကျွန်တော့ကို ပြောပါတယ်။ တစ်ကယ်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတယ်လို့ ရုပ်ရှင်မှာ မသုံးသင့်ကြောင်းလည်း ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလုံး မကြည့်ရသေးပဲနဲ့ အခက်အလက်တွေ မှားယွင်းနေတယ်လို့ ဝေဖန်တာမျိုး မဖြစ်စေချင်ပါဘူး။ ဝန်ခံပါတယ် ရုပ်ရှင်ဖြစ်တဲ့အလျှောက် အပြောင်းအလဲလုပ်ထားတာလေးတွေတော့ ရှိတယ်ဆိုတာကို” လို့ ရေးသားခဲ့ပါတယ်။


27 Nov 2019     1,361 Views




RELATED

Most Popular of Special or Others

Most Popular of NEWS