BEC-TERO TV

ဆရာဥက္ကာဦးသာ ထောက်ပြလိုက်တဲ့ Benjamin Sum ရဲ့ အားနည်းချက်တစ်ခု

29 Nov 2019     1,413 Views


တစ်နိုင်ငံလုံမျှော်လင့်စောင့်စား ကြည့်ရှုရတဲ့ Myanmar Idol Top 7 ရဲ့ ဖျော်ဖြေမှုပွဲကြီးဟာဆိုရင် ယမန်နေ့ ကြာသပတေး ၂၈ ရက်နေ့ ညခင်းအချိန်အခါမှာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ Top 7 အနေနဲ့ စောခရစ်မူးလာ၊ Benjamin Sum ၊ အက်စတာ ဒေါ့ချင်းသ်ဆုံ၊ အေးမြဖြူ၊ ထက်အဉ္ဇလီ၊ ယောကီးနဲ့ နော်စေးစေးထူးတို့က မတူညီတဲ့ သီဆိုဟန်တွေနဲ့ တစ်ချိန်က နာမည်ကျော် လူကြိုက်များခဲ့တဲ့ အဆိုတော်ကြီး စိုးလွင်လွင်ရဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ 

Top 7 ပြိုင်ပွဲဝင်တွေထဲ Benjamin Sum ဟာ လူချစ်လူခင်ပေါများပြီး ပရိတ်သတ်ချစ်ခင် အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ပြိုင်ပွဲဝင် တစ်ဦးပဲဖြစ်ပါတယ်။

Benjamin ဟာ Top 7 Performance Show မှာ တေးရေး ညီညီသွင်၊ တေးသံရှင် စိုးလွင်လွင် သီဆိုထားတဲ့ ‘စိတ်ဖြေသီချင်း’ ဆိုတဲ့ သီချင်းလေးနဲ့ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒီသီချင်း သီဆိုရတဲ့ အခက်အခဲလေးတွေ ကို Benjamin က ဒီလို ပြောပြလာပါတယ်။

“ဦးစိုးလွင်လွင်နဲ့ ကျွန်တော်တို့ကျ အသက် အများကြီးကွာတယ်၊ သူ့သီချင်းတွေကို ကျွန်တော်တို့ မမှီလိုက်ဘူး ဒါပေမဲ့ သူ့သီချင်းတွေ ဖွင့်ပြတဲ့အခါမှာ သူ့သီချင်းတွေက အရမ်းကောင်းတယ် အရမ်းလည်း နာမည်ကြီးခဲ့တာကြောင့် အရမ်းတာဝန်ကြီးပါတယ်” ဆိုပြီး သီချင်းနဲ့ ပတ်သတ်လို့ ခံစားနေရတဲ့ သူ့ရင်တွင်းဖြစ် ခံစားချက်လေးတွေကို ပြောပြသွားပါတယ်။

ဦးစိုးလွင်လွင် သီချင်းသီဆိုရာမှာ တွေ့ရှိရတဲ့ Benjamin ရဲ့ အခက်အခဲတွေကို တီချယ် ထရေစီကနေလည်း “မူရင်းတေးသံရှင်ရဲ့ ပုံစံကို မပျောက်စေဘဲ Benjamin ရဲ့ ပုံစံကိုလည်း မပျောက်အောင် လုပ်ရတာဖြစ်တဲ့အတွက် အင်မတန်မှ ခက်ခဲတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်” ဆိုပြီး ပြောပြလာပါတယ်။

သီချင်း သီဆိုရာမှာ Benjamin ရဲ့ အားနည်းချက်၊ အားသာချက် တွေနဲ့ ပတ်သတ်လို့ ဆရာ ဥက္ကာဦးသာက “Benjamin ရဲ့ အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့ စာသားရဲ့ diction တွေ အသံထွက်တွေ အားနည်းနေတာပါပဲ အားသာချက်ကို ပြောရမယ်ဆိုရင်တော့ သူက ဒီသီချင်းထဲမှာ တော်တော် စီးစီးမျောမျောရှိပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

Benjamin မှာ အားနည်းချက်ရော အားသာချက်ပါ ရှိနေခဲ့ပေမယ့် စိုးလွင်လွင် အမှတ်တရ သီချင်းတွေထဲက နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ‘စိတ်ဖြေသီချင်း’ ကို ပရိတ်သတ် အကြိုက်တွေ့အောင် အကောင်းဆုံး ဖျော်ဖြေတင်ဆက် သွားနိုင်ခဲ့ပါတယ်။

Ref:Channel 9 Myanmar

(ပိုပိုလေး)

 

 


29 Nov 2019     1,413 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS