BEC-TERO TV

Six-Pack မရှိတဲ့ယောက်ျားတွေက ပို၍စွဲဆောင်မှုရှိဟု အမျိုးသမီးများဝန်ခံ

19 Dec 2019     1,950 Views


ဝမ်းဗိုက်ကြွက်သား(six-pack)နဲ့ ဗလမရှိလို့ အားကစားခန်းမသွားပြီး ၂၀၂၀ မှာ ရေကုန်ရေခမ်းကြိုးစားတော့မယ်လို့ ဘော်ဒါတို့ စိတ်ကူးနေပါသလား..?

ဆန္ဒမစောကြပါနဲ့ဦး.. တစ်ကယ်တော့ six-pack က ခေတ်ကုန်သွားပြီဆိုတာ နောက်ဆုံးရ ဒီသတင်းလေးကို ဆုံးအောင် ဖတ်ကြည့်ကြပါဦး။ ဂျင်းသတင်းမဟုတ် အမှန်အကန်သတင်း ဖြစ်တယ်ဆိုတာကိုတော့ အထောက်အထားတွေနဲ့ ဖော်ပြလိုက်ပါတယ်။

၂၀၁၉ ခုနှစ် လေ့လာစမ်းစစ်မှု စစ်တမ်းအရ အမျိုးသမီးတွေအတွက်တော့ ဗလတောင့်တောင့် ဝမ်းဗိုက်ကြွက်သား(six-pack) ရှိတဲ့ အမျိုးသားတွေက စိတ်ဝင်စားစရာမကောင်းတော့ပဲ မပိန်လွန်း မဝလွန်း၊ ဝမ်းဗိုက်မှာ six-pack အစား အဆီပြင်ရှိနေတဲ့ အမျိုးသားတွေက ပိုပြီးစွဲဆောင်မှုရှိတဲ့သူတွေ ဖြစ်တယ်လို့ သိထားရပါတယ်။

ကိုယ်ကာယကျန်းမာရေး ကုမ္ပဏီကြီးဖြစ်တဲ့ ‘Planet Fitness’ က လတ်တလောမှာ သုတေသနပြုလုပ်ထားတဲ့ အကြောင်းအရာကို အင်ဖိုဂရပ်ဖစ် အနေနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးတွေအတွက်တော့ အဆီအသားလေးနဲ့ အမျိုးသားက ဗလကြီးတွေထက် ပိုပြီးစွဲဆောင်မှုရှိတယ်ဆိုတာကို ထင်ထင်ရှားရှား သိလိုက်ရပါတယ်။

ဒီစစ်တမ်းကောက်ယူမှုဟာ အမျိုးသမီး ၂,၀၀၀ ကျော်ကို ကျပန်း မေးမြန်းကောက်ယူထားပြီး ၇၀% သော အမျိုးသမီးတွေရဲ့ တူညီတဲ့ဖြေကြားချက်တွေအရ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တိတိကျကျဆိုရလျှင် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ၁၀ ကီလို ပိုများနေတဲ့ အမျိုးသားတွေက ပိုပြီးစွဲဆောင်မှုရှိသူတွေ ဖြစ်ကြပါတယ်တဲ့။

အဲဒီလိုကိုယ်ခန္ဓာမျိုးပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေအတွက် အခေါ်အဝေါ်အသစ်ဖြစ်တဲ့ “dad-bod” ဆိုတာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကစပြီး အမျိုးသမီးတွေကြားမှာ ရေပန်းစားလာခဲ့တာပါ။ “dad-bod” ရဲ့ ပုံသဏ္ဍန်ကို မျက်လုံးထဲမြင်အောင် ဖော်ပြရရင်တော့ ဘီယာဗိုက်တွေလို ဗိုက်ရွှဲကြီးလည်းမဟုတ်၊ ပိန်ကပ်ချောင်ချိပြီး ရှပ်ဝင်နေတာမျိုးလည်း မဟုတ်ပါဘူး။ ကြွက်သားအစိုင်အခဲနဲ့ six-pack မရှိပေမယ့် ပြည့်ပြည့်ဖောင်းဖောင်း ခပ်စူစူဗိုက်နဲ့ အဝတ်အစားဝတ်လိုက်တဲ့အခါ ခါးမှာအဆီသားလိုင်းလေးက မသိမသာလေးလျှံကျနေရမယ့် အနေအထားမျိုးဖြစ်ပါတယ်။

တစ်ကယ်တော့ “dad-bod” လို အချိုးအစားမျိုး ကွက်တိဖြစ်ဖို့က သိပ်တော့မလွယ်ပါဘူး။ “six-pack” ရချင်ရင်သာ ဂျင်မ်သွားပြီး ၃ လလောက် လေ့ကျင့်လိုက်ရင် ဖြစ်ပါတယ်။ သာမန်အမျိုးသားတွေဟာ များသောအားဖြင့် ပိန်ရင်ပိန်မယ် ဒါမှမဟုတ် ဗိုက်ပူကြီး ဖြစ်ရင်ဖြစ်ကြမယ်၊ “dad-bod” က​တော့ အဲဒီနှစ်ခုကြားက ရှားရှားပါးပါး ကြားဆိုဒ်လေးဖြစ်လို့ အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်နိုင်တာလည်း မဆန်းလှပါဘူး။

စစ်တမ်းကောက်ယူခံရတဲ့ အမျိုးသမီးတွေထဲကပဲ ၄၆% သောသူတွေက “dadbod” ဟာ ၂၀၂၀ မှာ “six-pack” တွေ ခေတ်စားခဲ့သလိုပဲ ရေပန်းစားလာဦးမယ်ဆိုတာ ယုံကြည်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါသေးတယ်။

ဒီတော့ “six-pack” လား “dad-bod” လား ဘော်ဒါကြိုက်သလို ဆုံးဖြတ်လိုက်တော့နော်..။


19 Dec 2019     1,950 Views




RELATED

Most Popular of Special or Others

Most Popular of NEWS