BEC-TERO TV

ဖက်ရှင်ဆိုင်တွေထဲကို ကလေးတွေနဲ့ ဝင်မယ်ဆိုရင် သတိထားပါ

17 Jan 2020     32,597 Views


ရှော့ပင်းစင်တာတွေနဲ့ ဖက်ရှင်အဝတ်အစား အရောင်းဆိုင်တွေကို ကလေးတွေနဲ့အတူတူသွားမယ်ဆိုရင် မိဘတွေအထူးဂရုစိုက်ရမယ့် သတင်းဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံက အသက် ၆ နှစ်အရွယ် Cecilia ဆိုတဲ့ မိန်းကလေးဟာ အဖွားဖြစ်သူနဲ့ စျေးဝယ်ထွက်ရင်း အဝတ်အစားဆိုင်ထဲမှာ မတော်တဆမှုဖြစ်ပြီး မျက်လုံးတစ်ဖက် ဆုံးရှုံးရတော့မလို အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး မတော်တဆမှုကို သင့်ကလေးလည်း အချိန်မရွေးကြုံတွေ့နိုင်လို့ သတိရှိစေချင်ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က မြေးမလေးရဲ့ အသက် ၆ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် သူကြိုက်တဲ့ အင်္ကျီလေးတွေ ဝယ်ပေးရအောင် မြေးအဖွားနှစ်ယောက် ဆစ်ဒနေမြို့မှာရှိတဲ့ Chatswood Chase ရှော့ပင်းစင်တာကို ရောက်လာခဲ့ကြပါတယ်။

ဆိုင်ထဲမှာ အဖွားဖြစ်သူက အဝတ်အစားတွေ လိုက်ရှာနေတုန်း ကလေးမလေးက သူသဘောကျတဲ့ အင်္ကျီကို တစ်နေရာမှာ တွေ့သွားခဲ့ပါတယ်။ ကလေးက အဖွားကို မပြောတော့ပဲ အင်္ကျီချိပ်ထားတဲ့နေရာကို သွားပြီး အင်္ကျီကို လှမ်းဖြုတ်ယူဖို့ ကြိုးစားပါတယ်၊ ဒါပေမယ့် ချိတ်ထားတဲ့ အဝတ်ချိတ်တန်းက သူမထက် မြင့်နေတာကြောင့် လှမ်းခုန်ပြီး ဖြုတ်ယူရာ ပြန်အကျမှာ ဟန်ချက်ပျက်ပြီး သူမရဲ့ မျက်နှာနဲ့ အင်္ကျီတွေ ချိတ်ထားတဲ့ တန်းက သံပြားနဲ့ ထိုးမိပြီး ညာဘက်မျက်လုံး အောက်က မျက်ခမ်းသားဖောက်ထွက် ပြတ်သွားခဲ့ပါတယ်။

သွေးအလိမ်းလိမ်းနဲ့ စူးဝါးတဲ့ ကလေး ငိုသံကြားမှ တစ်ဆိုင်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ခဲ့ရပါတယ်။ မြေးဖြစ်သူရဲ့ ဒဏ်ရာကို ကြည့်ပြီး အဖွားမှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံကို အမြန်ပို့ခဲ့ကြပါတယ်၊ ကလေးလည်း တစ်လမ်းလုံး နာကျင်လွန်းလို့ ငိုယိုပြီး လိုက်ပါခဲ့ပါတယ်။

Randwick ကလေးဆေးရုံကို ရောက်တဲ့အခါမှာတော့ လူနာတွေများနေတာကြောင့် ၇ နာရီကြာအောင် စောင့်နေခဲ့ရပြီးမှ ခွဲစိတ်ခန်းကို ဝင်ခဲ့ရပါတယ်။ ဆရာဝန်တွေက သူမရဲ့ မျက်ခမ်းသားတွေကို ၄ နာရီကြာ ကြိုးစားပြီး ခွဲစိတ်ပြုပြင် ချုပ်ပေးခဲ့ပါတယ်။ ကလေးရဲ့ မိခင်ကတော့ သူ့သမီးလေး မျက်နှာ အကောင်းအတိုင်း ပြန်ဖြစ်တော့မှာ မဟုတ်ဘူးဆိုပြီး ပူဆွေးသောက ရောက်ခဲ့ရပါတယ်။

“အဖြစ်ပျက်က မြန်ဆန်လွန်းတော့ အဖွားကလည်း မတားလိုက်နိုင်ဘူးလေ” လို့ ကလေးရဲ့ မိခင်က ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကလေးရဲ့ မျက်လုံးအိမ် ထိခိုက်ပျက်ဆီးမှု မရှိခဲ့ပေမယ့်လည်း မျက်စိပုံမှန်အတိုင်း ပြန်မြင်ရဖို့ အချိန်အကြာကြီး ယူရဦးမယ်လို့ ဆိုပါတယ်။

အခုဆိုရင် Cecilia ရဲ့ မိခင်က ရှော့ပင်းစင်တာတွေမှာရှိတဲ့ အဝတ်အစားချိတ်တွေဟာ ကလေးငယ်တွေအတွက် ဘေးအန္တရာယ်မရှိတဲ့ ပုံစံမျိုး ပြုပြင်ပြောင်းလဲဖို့ နှိုးဆော်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ အဲဒီလိုဆိုင်မျိုးတွေ သွားတဲ့အခါ သတိထားကြဖို့နဲ့ ဆိုင်ရှင်တွေအနေနဲ့လည်း ပိုမိုဘေးကင်းလုံခြုံတဲ့ အဝတ်ချိတ်တွေ အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


17 Jan 2020     32,597 Views




RELATED

Most Popular of Special or Others

Most Popular of NEWS