BEC-TERO TV

အသက် ၆၀ ကျော်အဖွားအိုရုပ်နဲ့ ၁၅ နှစ်သမီးလေးရဲ့ ကံကြမ္မာအလှည့်အပြောင်း

21 Jan 2020     1,435 Views


တရုတ်နိုင်ငံက အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေးဟာ ထူးခြားရှားပါတဲ့ မျိုးဗီဇဆိုင်ရာရောဂါ တစ်မျိုးကို ခံစားနေရတာကြောင့် သူ့ရဲ့ ရုပ်ရည်သွင်ပြင်ဟာ ရှိရင်းစွဲအသက်ထက် ဆယ်စုနှစ်ပေါင်းများစွာ ပိုပြီးအိုမင်းရင့်ရော်နေပါတယ်။

ဒီလိုအသွင်အပြင်ကြောင့် ကျောင်းမှာဆိုရင် အတန်းဖော်တွေရဲ့ မညှာမတာ အနိုင်ကျင့်မှုတွေ၊ နောက်ပြောင်မှုတွေကို “ရှောင်ဖန်း” ဘဝတလျှောက်လုံး ခေါင်းငုံ့ခံခဲ့ရပါတယ်။ မိဘတွေကလည်း နွမ်းပါသူတွေဖြစ်သလို၊ ရောဂါကလည်း ရှားပါးတဲ့ ရောဂါဖြစ်တာကြောင့် ကုသဖို့ လမ်းမမြင်ခဲ့ပါဘူး။

“ရှောင်ဖန်း” ရဲ့ မိခင်ကလည်း ဒီလိုရောဂါမျိုးခံစားနေရတာကြောင့် သူ့အမေရဲ့ မျိုးဗီဇပါလာတယ်လို့ သုံးသပ်နိုင်ပါတယ်။

အခုလို သူများတွေ ကဲ့ရဲ့အနိုင်ကျင့်တာ ခံနေရတဲ့ “ရှောင်ဖန်း” ရဲ့ ကံကြမ္မာက အလှည့်အပြောင်း ဖြစ်လာခဲ့ပါတယ်။ သူမရဲ့အဖြစ်ကို စာနာကြတဲ့သူတွေက မျက်နှာကို ခွဲစိတ်ပြုပြင်ပေးဖို့ ရံပုံငွေစုဆောင်းခဲ့ကြရာမှာ တရုတ်ယွမ်ငွေ ၁၈၀,၀၀၀ နီးပါး ရရှိခဲ့တဲ့အတွက် ဆေးကုသစရိတ် ကာမိသွားခဲ့ပါတယ်။

ခွဲစိတ်ပြုပြင်မှုကို ရှန်ယန်းပြည်နယ်က ဆန်းလိုင်းအစားထိုးခွဲစိတ်ပြုပြင်ဆေးရုံမှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ပါတယ်။ ၇ နာရီ ကြာမြင့်တဲ့ ခွဲစိတ်မှုမှာ ဆရာဝန် ၁၀ ဦး ပါဝင်ခဲ့ပါတယ်။ သူမရဲ့ မျက်နှာပေါ်က လျော့ရဲတွဲကျနေတဲ့ အရေပြားအပိုတွေကို ၇ စင်တီမီတာလောက် ဖြတ်ထုတ်ခဲ့ပြီး နှာခေါင်း၊ ပါးစပ်နဲ့ မျက်ဝန်းတွေကိုပါ ပြုပြင်ပြောင်းလဲပေးခဲ့ပါတယ်။

ခွဲစိတ်ပြုပြင်မှု အောင်မြင်ခဲ့ပြီးနောက် ဆရာဝန်အဖွဲ့က သူမရဲ့ အသစ်ဖြစ်သွားတဲ့ မျက်နှာကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး အများပြည်သူသိအောင် မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီသတင်းကို ကြားရပြီးနောက် “ရှောင်ဖန်း” ရဲ့ မိဘတွေကတော့ မျက်ရည်မဆယ်နိုင်အောင် ဝမ်းသာနေကြရှာပြီး ရှေ့လျှောက်အနာဂါတ်မှာလည်း ပုံမှန်လူသားတစ်ယောက်လို ဘဝကို ဖြတ်သန်းသွားနိုင်စေလို့ သမီးအတွက် ဆုတောင်းပေးနေကြပါတယ်။ “ရှောင်ဖန်း” ရဲ့ ဖခင်က ဒီနေ့ဟာ သူ့ဘဝမှာ အပျော်ဆုံးဖြစ်ကြောင်း၊ အခုမှပဲ သမီးအတွက် စိတ်သောကတွေ ကင်းပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်နိုင်တော့မယ်လို့ ဆိုပါတယ်။

“ရှောင်ဖန်း” ကတော့ ခွဲစိတ်ပြုပြင်ထားတဲ့ အရာတွေ အနာကျက်အသားသေဖို့အတွက် ဆေးရုံမှာ နေရဦးမှာဖြစ်ပြီး လာမယ့် တရုတ်နှစ်သစ်ကူးအမီ အိမ်ပြန်လာနိုင်ကောင်းပါတယ်လို့ မိဘတွေက မျှော်လင့်နေကြပါတယ်။

ဆေးပညာရှင်တွေရဲ့ အဆိုအရ “ရှောင်ဖန်း” ခံစားနေရတဲ့ ဝေဒနာမျိုးကို ခံစားနေရသူတွေဟာ သာမန်လူတွေထက် သက်တမ်းတိုနိုင်တယ်လို့ သုံးသပ်ထားပါတယ်။


21 Jan 2020     1,435 Views




RELATED

Most Popular of Special or Others

Most Popular of NEWS