BEC-TERO TV

ဗိုင်းရပ်စ်သရုပ်ဖော်ကာတွန်းအတွက် ပြန်တောင်းပန်ရန် တရုတ်က ဒိန်းမတ်ကို တောင်းဆို

29 Jan 2020     1,337 Views


ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ဝေခဲ့သည့် ဒိန်းမတ်သတင်းစာ Jyllands-Posten တွင် တရုတ်နိုင်ငံ၌ ဝူဟန်ဗိုင်းရပ်စ်ဖြစ်ပွားနေပုံကို သရုပ်ဖော်သည့် ကာတွန်းတစ်ကွက် ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံအလံနှင့် သရုပ်ဖော်ထားသည့်အတွက် ပြန်လည်တောင်းပန်ရန် ဒိန်းမတ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တောင်းဆိုလိုက်သည်။

ယခုလို သရုပ်ဖော်လိုက်တာဟာ တရုတ်နိုင်ငံကို စော်ကားလိုက်တာဖြစ်ပြီး ဒီပုံကြောင့် တရုတ်ပြည်သူတွေ စိတ်ထိခိုက်ရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကာတွန်းရုပ်ပုံကို ကာတွန်းဆရာ Niels Bo Bojesen ကရေးဆွဲခဲ့ပြီး တရုတ်နိုင်ငံတော်အလံရှိ ကြယ် ၅ လုံးနေရာတွင် ဗိုင်းရပ်စ်သရုပ်ဖော် အီမိုဂျီပုံနဲ့ အစားထိုးရေးဆွဲခဲ့ပြီးနောက် သတင်းတစ်ခု၏ သရုပ်ဖော်ပုံအဖြစ် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပုံနှင့်ပက်သက်၍ တရုတ်သံရုံးက ထုတ်ပြန်ကြေညာချက်တွင် “ယခုအချိန်ဟာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုကြောင့် အဖိုးတန်တဲ့ ပြည်သူ ၈၁ ဦး အသက်ပေးလိုက်ရပါပြီ။ ဒီကိစ္စကို တရုတ်အစိုးရနဲ့ ပြည်သူတို့ ပူးပေါင်းပြီး ကာကွယ်တိုက်ထုတ်နေကြပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီဖြစ်ရပ်အပေါ် စာနာညှာတာမှုတွေ ပြသနေကြပါတယ် ဒီလိုအချိန်မျိုးမှာ Jyllands-Posten သတင်းစာနဲ့ ကာတွန်းဆရာ Niels Bo Bojesen တို့ရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံကို စော်ကားပြီး တရုတ်ပြည်သူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အခုလုပ်ရပ်ဟာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက အသိမှတ်ပြုထားတဲ့ လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လူမှုကျင့်ဝတ် စတဲ့ ထိန်းသိမ်းအပ်တဲ့ ကန့်သတ်ချက်တွေကို စည်းကျော်ပြီး ညှာတာထောက်ထားမှုကင်းစွာ ကိုယ်ချင်းစာတရားမဲ့စွာ ပြုလုပ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ Jyllands-Posten သတင်းစာနဲ့ ကာတွန်းဆရာ Niels Bo Bojesen တို့ကို သူတို့ရဲ့အမှားတွေအတွက် ပြန်လည်တောင်းပန်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်” လို့ ဖော်ပြထားပါတယ်။

ဒီပုံဟာ တရုတ်နိုင်ငံကို လှောင်ပြောင်ချင်တဲ့ သရော်ချင်တဲ့ ရယ်ရွယ်ချက်နဲ့ ရေးခဲ့တာမဟုတ်ပါဘူး၊ သူတို့တွေဟာ ဗိုင်းရပ်စ်နဲ့ အကြီးအကျယ်ရုန်းကန်တိုက်ခိုက်နေရတယ်ဆိုတဲ့ သဘောပီပြင်အောင် အလံပေါ်မှာ ခပ်မြန်မြန်ပဲ ရေးဆွဲလိုက်တဲ့ ပုံဖြစ်ပါတယ်” လို့ သတင်းစာရဲ့ အယ်ဒီတာချုပ် Jacob Nybroe က ဒေသတွင်း ရုပ်သံမီဒီယာတစ်ခုကို ဖြေကြားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ ဝန်ကြီးချုပ် Mette Frederiksen ကတော့ သူမအနေနဲ့ နိုင်ငံကိုယ်စားပြုပြီး တောင်းပန်မှာ မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် Mette Frederiksen

ကျွန်မအနေနဲ့ ဘာမှပြောစရာမရှိပါဘူး ဒါပေမယ့် ကျွန်မတို့မှာ အလွန့်အလွန် အလေးထားတဲ့ အစဉ်အလာ ဒိန်းမတ်မှာရှိပါတယ်၊ ဒါဟာ လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တင်မကပါဘူး သရော်ပုံရေးဆွဲခြင်းမှာပါ ရှိပါတယ်၊ ဒါကိုလည်း ကျွန်မတို့ အနာဂါတ်မှာ ဆက်လက်ပြီး ဒီအတိုင်း လုပ်ဆောင်သွားမှာပါ၊ ကျွန်မတို့ ဘယ်တော့မှ ဒါကိုပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Jyllands-Posten သတင်းစာဟာ တစ်ပတ်လျှင် စောင်ရေ ၁၂၀,၀၀၀ ဝန်းကျင် ထုတ်ဝေရပြီး ဒိန်းမတ်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်ပါတယ်။


29 Jan 2020     1,337 Views




RELATED

Most Popular of International News

Most Popular of NEWS