BEC-TERO TV

အိပ်မပျော်ခြင်းပြဿနာဖြစ်ရသည့်အကြောင်းအရင်းများ

12 Mar 2020     1,845 Views


ညဘက်အိပ်မပျော်တဲ့အခိုက်အတန့်ကို လူတော်တော်များများကြုံဖူးကြမှာပါ။ ညဘက်ဆို အိပ်မပျော်လို့ နောက်နေ့မနက် မှာ လူကမလန်းမဆန်းဘဲ နေ့ခင်းချိန်မှာ အိပ်ငိုက်နေတတ်ပါတယ်။ ဒါဟာ ကြာလာရင် ကျန်းမာရေးရော အလုပ်မှာပါ ထိခိုက်လာစေနိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ ဘာကြောင့်ဖြစ်ရတာလဲ.. ?

ဘယ်လိုဖြစ်မှအိပ်မပျော်ခြင်းလို့ခေါ်တာလဲ..?

အရင်ဦးဆုံးပြောပြချင်တာကတော့ အိပ်မပျော်တာဟာ ရောဂါမဟုတ်ပါဘူး။ တစ်နေ့တာလိုအပ်တဲ့ အိပ်စက်အနားယူမှု မလုံ လောက်မှသာ အိပ်စက်မှုဆိုင်ရာနောက်ဆက်တွဲပြဿနာများ ရှိလာနိုင်တာကို ပြောတာပါ။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အိပ်မပျော်ရခြင်းအကြောင်းအရင်းများမှာလည်း အိပ်ပျော်ရခက်တာ၊ အိပ်ပျော်နိုင်ဖို့အချိန်အကြာကြီးယူရတာ၊ ပြည့်ပြည့်ဝဝအိပ်မပျော်တာ၊ ခဏခဏနိုးတတ်တာ၊ အစောကြီးအိပ်ယာဝင်တာ၊ မနက်အိပ်ယာနိုးချိန်မှာ ညကအိပ်ရေး မဝခဲ့သလိုမျိုး လန်းလန်းဆန်းဆန်းမရှိတာ အစရှိတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။

အိပ်မပျော်ခြင်းပြဿနာကို အဆင့်ဆင့်ခွဲခြားထားပါတယ်။

•           ယာယီ

•           ဖြစ်လိုက်ပျောက်လိုက်

•           နာတာရှည်(ရေရှည်)

ညဘက်အိပ်မပျော်ခြင်းဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ.. ?

•           ဘဝစွမ်းဆောင်ရည်များလျော့နည်းလာမယ်

•           အလုပ်ပျက်ရက်တွေများလာမယ်

•           အလုပ်စွမ်းဆောင်ရည်များလျော့နည်းလာမယ်

•           မတော်တဆထိခိုက်နိုင်ချေပိုများမယ်၊ ဥပမာ - ကားမောင်း၊ ယာဉ်မောင်းလျှင်

•           ကျန်းမာရေးဆိုင်ရာပြဿနာများကြောင့် ဆေးရုံဆေးခန်းသို့ မကြာခဏ ရောက်ဖြစ်မယ်၊ ဥပမာ - ခေါင်းကိုက်၊ ပင်ပန်း၊ အားမရှိ၊ အာရုံစူးစိုက်မှုအားနည်းခြင်း

•           အိပ်မပျော်ခြင်းဟာ စိတ်ရောဂါဝေဒနာရှင်တွေမှာဆိုရင် စိတ်ကျရောဂါဖြစ်ပွားနိုင်ပြီး အဆိုးဆုံးမှာ ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံစည်နိုင်တဲ့အဆင့်ထိ ဖြစ်ပွားစေနိုင်ပါတယ်။

အိပ်မပျော်ရတဲ့အကြောင်းအရင်းများ

1.         စိတ်နှင့်ဆိုင်သောအိပ်မပျော်ခြင်းအကြောင်းရင်း (Psychologic Causes of Insomnia) စစ်တမ်းများအရ အိပ်မပျော်တဲ့သူအများစုမှာ စိတ်ထိခိုက်စရာအကြောင်းအရာတစ်ခုခုနဲ့ ကြုံတွေ့ခံစားနေရလို့ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ အဆိုပါ ဝေဒနာရှင်များရဲ့ ၇၀% မှာ စိတ်ဖိစီးမှု နဲ့စိတ်ကျရောဂါ ကဲ့သို့သော လက္ခဏာများကို တွေ့ရတတ်ပါတယ်။

      2. လှုံ့ဆော်မှုတစုံတရာတစ်ခုခုကြောင့်အိပ်မပျော်ခြင်းအကြောင်းရင်း (Precipitating Factors of Transient Insomnia)

•           (Adjustment Sleep Disorder) အိပ်မပျော်ရလောက်အောင် လှုံ့ဆော်စေတဲ့အရာတွေ၊ စိတ်ကိုအနှောက်အယှက်ဖြစ်စေတဲ့ လတ်တလောကြုံတွေ့နေရတဲ့အခြေအနေတွေဖြစ်တဲ့ စိတ်ဖိစီးမှု၊ ဖျားနာခြင်း၊ ခွဲစိတ်မှုတစ်စုံတစ်ရာကြုံနေရခြင်း၊ ကိုယ်ချစ်ရတဲ့အရာတစ်ခုခုဆုံးရှုံးရခြင်း၊ အလုပ်ကိစ္စများ အစရှိတဲ့ အကြောင်းအရာများသာ သက်သာလျော့နည်းသွားရင် အိပ်စက်မှုဟာပုံမှန်ပြန်ဖြစ်လာနိုင်ပါတယ်။

•           (Jet Lag) နေရာဒေသအချိန်ခြားနားမှုရှိသော နေရာတစ်နေရာကနေ တစ်နေရာသို့ ခရီးသွား ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီက ရုတ်တရက်အပြောင်းအလဲကို လိုက်မမီခြင်းကြောင့် အိပ်စက်မှု အချိန်ပါထိခိုက်ပြီးလည်း အိပ်မပျော်ခြင်းကိုဖြစ်ပွားစေနိုင်ပါတယ်။

•           (Working Conditions) အချိန်ပိုင်းနဲ့အလုပ်ဆင်းရတဲ့လူတွေမှာ ခန္ဓာကိုယ်ဇီဝနာရီများလွဲမှားပြီး နေနဲ့ညအိပ်ချိန်မမှန်တော့ဘဲ အိပ်လို့မပျော်ခြင်းလည်းဖြစ်သွားနိုင်ပါတယ်။

•           (Medications) ဆေးဝါးမှီဝဲခြင်း (သို့) သောက်စားမှုတစ်ခုခုကြောင့်လည်း အိပ်မပျော်တတ်ပါဘူး။ ဥပမာ - အဆီကျဆေး၊ ကော်ဖီ

       3. ရောဂါဝေဒနာကြောင့်အိပ်မပျော်ခြင်းအကြောင်းရင်းများ (Medical and Physical Conditions)

•           ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးရောဂါ၊ ပါကင်ဆန်ရောဂါ(Parkinson's disease)၊ လည်ပင်းကြီးရောဂါ အစရှိသဖြင့်။

•           Progesteron ဟော်မုန်းပြောင်းလဲမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးများ မျိုးဥကြွေတဲ့အချိန်မှာ ၎င်းဟော်မုန်းများလာပြီး အိပ်ငိုက်ခြင်းကိုဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် ရာသီလာကာနီးအချိန်မှာတော့ ဟော်မုန်းက နည်းပြီး အိပ်မပျော်တာမျိုးဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိကာစအချိန်နှင့် မွေးဖွားကာနီးအချိန်တွေမှာလည်း ဟော်မုန်းအပြောင်းအလဲရှိတာကြောင့် အိပ်မပျော်တာကိုဖြစ်စေနိုင်ပါတယ်။ ထို့အပြင် အမျိုးသမီးများ မီးယပ်သွေးဆုံးပြီးကာစ အချိန်တွေမှာလည်း အိပ်စက်မရခြင်းကို ဖြစ်စေတတ်ပါတယ်။

•           အိပ်စက်ချိန်ပြောင်းခြင်း (Delayed Sleep-Phase Syndrome) သည်လည်းအိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။

        4. အခြားအကြောင်းအရာများကြောင့်အိပ်မပျော်ခြင်းများ (Perpetuating Factors)

•           (Psychophysiological Insomnia) ပုံမှန်အိပ်ချိန်ထက်စောအိပ်တာကြောင့် ဖြစ်တတ်သော အိပ်မပျော်ခြင်း (Advanced sleep phase Syndrome) လို့ခေါ်ပါတယ်။ ထိုစဉ် လူဟာ အိပ်ပျော်ဖို့ ကြိုးစားရင်း ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နှင့် ပြာတာမျိုးတွေဖြစ်လာတတ်ပြီး စိတ်ကသိကအောက်  ဖြစ်လာကာ ကြာရင် စိတ်ဖိစီးမှုဖြစ်သွားစေနိုင်ပါတယ်။ ဒီအုပ်စုထဲမှာပါဝင်တဲ့ သူ သွေးခုန်နှုန်း မြန်မယ်၊ ခဏခဏနိုးလွယ်မယ်၊ ခန္ဓာကိုယ်အပူချိန်မှာလည်းပုံမှန်ထက်များနိုင်ပါတယ်။

•           ဆေးလိပ်၊ အရက်၊ ကော်ဖီ အလွန်အကျွံသောက်ခြင်းကြောင့်လည်း အိပ်ပျော်ခက်တာ၊ အိပ်မပျော် တာ ဖြစ်စေနိုင်ပါတယ်။

•           မီလာတိုနင် (Melatonin) ဓါတ်လျော့နည်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆိုပါ ဓါတ်ဟာ အသက်ငယ်စဉ်မှာများပြီး အသက်ကြီးလာရင် (အသက် ၆၀ နှစ်နောက်ပိုင်း) လျော့နည်းသွားတတ်ပါတယ်။

•           အခန်းအလင်းရောင်သည်လည်း အိပ်စက်မှုကို များစွာအကျိုးသက်ရောက်မှုရှိနေကြောင်းလည်း တွေ့ရှိရပါတယ်။

•           ငယ်ရွယ်စဉ်အချိန်မှာ အိပ်စက်ချိန်ကောင်းကောင်းမရရှိခဲ့ရင်လည်း အသက်ကြီးလာရင် အိပ်မပျော်တာကိုဖြစ်စေနိုင်ပါတယ်။

•           အိပ်ယာဝင်ကာနီးအချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း အိပ်ပျော်နိုင်ဖို့ခက်စေပါတယ်။

•           အိပ်ချိန်ထချိန် မမှန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

•           အခန်းအပူချိန် ပူလွန်း၊ အေးလွန်းခြင်း၊ အသံကျယ်လွန်း၊ ဒါမှမဟုတ်လည်း ကိုယ့်နဲ့အတူအိပ်တဲ့လူက ဟောက်တတ်ခြင်း၊ အအိပ်ကြမ်းခြင်း အစရှိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အိပ်မပျော်ခြင်းအချိန်အတိုင်းအတာ

အိပ်မပျော်စေတဲ့အကြောင်းအရင်းများအပြင် အိပ်မပျော်တဲ့အချိန်အတိုင်းအတာကလည်း အရေးကြီးပါတယ်။

•           ယာယီ : တစ်နေ့တာလှုပ်ရှားမှုဘဝများ၊ ပတ်ဝန်းကျင်၊ နေရာဒေသ အစရှိတဲ့အရာတွေ ရုတ်တရက်အပြောင်းအလဲဖြစ်မှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

•           အချိန်တိုအတွင်း : ခွဲစိတ်ကုသမှုခံယူပြီးနောက်ဖြစ်တတ်သော စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်တတ်ပြီး၊ ၂ရက်မှ ၃ရက် (သို့) ၃ပါတ်အထိကြာမြင့်တတ်ပါတယ်။

•           နာတာရှည်(ရေရှည်) :  စိတ်ပိုင်းဆိုင်ရာ (သို့) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါများရှိ၍ ဆေးမှီဝဲနေရခြင်းကြောင့်ဖြစ်တဲ့ အကျိုးသက်ရောက်မှုများမှ လ၊ နှစ် ချီကြာမြင့်တာလည်း ဖြစ်နိုင်ပါတယ်။

ပိုပိုလေးရဲ့ပရိတ်သတ်တွေထဲမှာလည်း ညဘက်အိပ်ပျော်ရခက်တဲ့သူတွေရှိရင် မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်သင့်နေပါပြီနော်။ ကောင်းမွန်တဲ့အိပ်စက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေကိုလိုက်နာရမလဲဆိုတာကို အောက်က Link ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.popolay.com/program-detail.php?pml=20699

(ပိုပိုလေး)


12 Mar 2020     1,845 Views




RELATED

Most Popular of Health Fix

Most Popular of Life Style