BEC-TERO TV

အရေပြားကနေတစ်ဆင့်သိနိုင်မယ့် ကျန်းမာရေးလက္ခဏာ

13 Mar 2020     2,009 Views


မျက်ဝန်းတစ်စုံဟာ နှလုံးသားရဲ့ပြတင်းပေါက်တစ်ချပ်လို့ ပြောလို့ရသလို အရေပြားဟာလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး ဆိုင်ရာအကြောင်းအရာတွေကို ပြောပြပေးနေတဲ့အရာ ဖြစ်ပါတယ်။လူသားတွေဟာ နေ့စဉ်နေ့တိုင်း ရုပ်ဆင်းသွင်ပြင် အလှအပကို ဂရုစိုက်ပေးတတ်ကြပါတယ်။ အဝတ်အစားလှလှလေးတွေ၊ အသားအရေထိန်းသိမ်းတာတွေကအစ ဂရုတစိုက်အလေးထားလုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အရေပြားဆိုင်ရာ အကြောင်းအရာတွေကိုရော ဘယ်လောက်ထိအသေးစိတ် သတိထားမိဖူးခဲ့ကြလဲ ဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။

တကယ်တမ်းတော့ အရေပြားဟာ အလွန်ထူးဆန်းလှပါတယ်.. ခန္ဓာကိုယ်ကို ဖုံးအုပ်အလှဆင်ပေးထားရုံသာမက ဘယ်လိုအရေပြားအခြေအနေက ဘာဖြစ်နိုင်လဲ၊ ဘာရောဂါဝေဒနာတွေခံစားနေရလဲဆိုတာ သေချာအကဲခတ် ကြည့်ခြင်းအားဖြင့် ယေဘုယျသိစေနိုင်ပါတယ်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး အကြောင်းစုံပြောပြပေးသွား မှာဖြစ်ပါတယ်။

အရေပြားအညိုအမည်းစွဲခြင်း

သင်ဟာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုမျိုးလည်းမရှိ၊ နေပူထဲမှာလည်းအလုပ်မလုပ်ရဘဲ အသားအရေများ (ဥပမာ - ပါးစောင်၊ လက်ဝါး၊ အမာရွတ်အရာများ) တစ်နေ့ တစ်ခြားပိုပိုပြီး အညိုအမည်းစွဲလာတာမျိုးတွေ ဖြစ်လာခဲ့သည်ရှိသော် ဒါဟာ ဖြစ်ရတဲ့အကြောင်းရင်းကလည်း အမျိုးမျိုးရှိနေနိုင်ပါတယ်။ သွေးကျဆေးမှီဝဲရနေတာကြောင့်လည်း ဖြစ်နိုင်ပြီး၊ ဟော်မုန်းဓါတ် ထုတ်လုပ်မှုနည်းပါးစေသောရောဂါဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အသားအရေအဝါရောင်သန်းလာခြင်း

ဒါဟာ အသားဝါရောဂါလက္ခဏာ ဖြစ်နိုင်သည်ဟု ကနဦး ယူဆနိုင်ပါတယ်။ အသားအရေသာ အဝါရောင်ပြောင်းလဲသွားရုံမဟုတ်ဘဲ မျက်လုံးများဝါလာခြင်း၊ မစင်အရောင်များပါဖျော့တော့တော့ဖြစ်လာပါက မပေါ့ဆသင့်ပဲ သက်ဆိုင်ရာ ဆေးခန်းဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ သို့သော် ခြေ၊ လက် အသားအရေများသာဝါပြီး မျက်လုံးများ မဝါဘူးဆိုရင်တော့ ဒါဟာ စိတ်ပူစရာမလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တခါတရံ အဝါရောင်ရှိတဲ့အစားအစာ (သင်္ဘောသီး၊ ရွှေဖရုံသီး) တွေအစားများခြင်း ကြောင့်သာဖြစ်ပြီး ၎င်းအစာများ စားတာရပ်လိုက်ရုံနဲ့ နဂိုအတိုင်း ပြန်ကောင်းသွားတတ်ပါတယ်။

အရေပြားမှာ အဖြူကွက်လေးတွေဖြစ်ခြင်း

အထူးသဖြင့် မျက်ဝန်းနားတဝိုက်၊ ပါးစပ်နား တဝိုက်၊ မျက်နှာ၊ လည်ပင်း နဲ့ ခြေတွေလက်တွေမှာ ထင်ထင်ရှားရှားမြင်ရတဲ့ အဖြူကွက်ကလေး (သို့) ဖြူစွတ်စွတ် လက္ခဏာများ ဖြစ်ပြီဆိုရင် ဒါဟာ ခရုသင်းရောဂါဖြစ်နိုင်ပါတယ်။ အဆိုပါ ခရုသင်း ဝေဒနာရှင်တွေမှာ သိုင်းရွိုက်အကျိတ်ရောဂါပါ တွဲပါနေနိုင်တတ်တာမို့ စစ်ဆေးကုသမှုခံယူရန် ဆေးရုံဆေးခန်းသို့ သွားပြသင့်ပါတယ်

ဝက်ခြံတွေပေါက်ပြီး ဓမ္မတာရက်မမှန်ခြင်း

သားဥအိမ် ရေအိတ်တည်ခြင်းရောဂါကြောင့် ဟော်မုန်းများမူမမှန်ဖြစ်ပြီး ဝက်ခြံများထွက်ခြင်း၊ မျက်နှာအဆီပြန်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ မျက်နှာတွင် အမွေးအမျှင်များပေါက်လာခြင်း၊ ဓမ္မတာရက်မမှန်ခြင်း အစရှိတဲ့လက္ခဏာများဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး တိကျမှန်ကန်တဲ့ ဆေးကုသမှုခံယူရန်လိုအပ်ပါတယ်။

အသားအရေခြောက်သွေ့ပြီး အက်ကွဲခြင်း

အသက်ကြီးလာရင် အသားအရေများခြောက်သွေ့လာတာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် အသားအရေ အလွန်ခြောက်သွေ့ပြီး လိုးရှင်းလူးသော်လည်း မသက်သာဘဲ အက်ကွဲရာတွေ ဖြစ်လာတယ်ဆိုရင်တော့ ဒါဟာ အာဟာရဓါတ်များချို့တဲ့၍သော်လည်းကောင်း၊ သငံရည်အကျိတ်ကင်ဆာရောဂါ (သို့) ပိုးဝင်ခြင်းကြောင့်သော် လည်ကောင်းဖြစ်တတ်ပါတယ်။ အသားအရေ ခြောက်သွေ့လာရင် လိုးရှင်းလူးပါ၊ ရေပူများနှင့်ရေမချိုးသင့်ပါ၊ ရေများများသောက်ပါ စသဖြင့် ပုံမှန်လေးဂရုစိုက်ပေးသင့်ပါတယ်။

ယားယံခြင်း

အသားအရေခြောက်သွေ့ခြင်းကြောင့် ယားယံမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် တချို့ကတော့ အသားရေခြောက်သွေ့ခြင်းမရှိဘဲ မရပ်မနားယားယံကာ တစ်နေ့တာလုပ်ငန်းဆောင်တာတွေမှာ အနှောင့်အယှက်ဖြစ်လာစေပါတယ်။ ထို့ထက်ပိုပြီး ညအိပ်လို့မရတဲ့အထိဖြစ်လာပြီဆိုရင်တော့ ခန္ဓာကိုယ်အတွင်း

ယားယံမှုဖြစ်စေတဲ့ဓါတ်တွေ စုပုံလာတာကြောင့်ဖြစ်နိုင်ပါတယ်၊ ထိုလက္ခဏာများကို နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ နှင့် သွေးဆိုင်ရာရောဂါများ အစရှိတဲ့ ရောဂါဝေဒနာရှင်တွေမှာ တွေ့နိုင်ပါတယ်။

ဆံပင်အရမ်းကျွတ်ခြင်း

ပုံမှန်အားဖြင့် ဆံပင်ကျွတ်တယ်ဆိုတာ အဟောင်းတွေကျွတ်ပြီး အသစ်ပြန်ပေါက်တာဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီးကျွတ်တာမျိုး ဥပမာ - တစ်နေ့ကို ပျမ်းမျှအားဖြင့် ဆံပင်အချောင်း ၁၀၀ အထက်ကျွတ်တာမျိုး၊ လက်နဲ့သပ်ရုံ ဒါမှမဟုတ် အနည်းငယ်ဆံသားအားထိုးဖွရုံဖြင့်ပင် လက်မှာဆံပင်များ ပါလာနေပြီဆိုရင်တော့ ဒါဟာ အချို့ဆေးများကြောင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှုများလွန်းခြင်းကြောင့်သော်လည်းကောင်း၊ (SLE)​ ရောဂါကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်

အထက်ပါမူမမှန်တဲ့လက္ခဏာများ မိမိခန္ဓာကိုယ်အရေပြားမှာ တစ်ခုခုဖြစ်ပေါ်လာပါက လျစ်လျူရှုမထားသင့်ဘဲ သက်ဆိုင်ရာ အရေပြားဆရာဝန် (သို့) နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသစစ်ဆေးပေးပါရန် တိုက်တွန်းပေးလိုရပါတယ်။

(ပိုပိုလေး)

 


13 Mar 2020     2,009 Views




RELATED

Most Popular of Health Fix

Most Popular of Life Style