BEC-TERO TV

ပြည်ပမှနေရပ်ပြန်လာသူများအား Covid-19 ဖြန့်မည့် ရန်သူကြီးသဖွယ် သဘောမထားသင့်ဟုဆို

23 Mar 2020     5,729 Views


အိမ်နီးချင်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့နေမှုနဲ့ တစ်ချိန်တည်းကျစွာ နှစ်သစ်ကူးအလုပ်ပိတ်ရက်များတွင် ပြည်ပနိုင်ငံများမှ နေရပ်သို့ပြန်လည် ဝင်ရောက်လာသောသူများအား ရန်သူကြီးတွေသဖွယ် သဘောမထားသင့်ကြောင့် ဒေါက်တာကျော်စွာဦး က DVB Debate အစီအစဉ်တွင် သတိပေးဆွေးနွေးသွားခဲ့ပါတယ်။

ပြည်ပမှ နေရပ်ပြန်လာသူများကို တာဝန်ရှိဌါနဆိုင်ရာများအနေနဲ့ သတင်းအချက်အလက် မှန်ကန်စွာရရှိနိုင်စေရန် နွေးထွေးသော ဆက်ဆံမှုမျိုးဖြင့် ရှင်းလင်းပြောကြားပြီး လိုအပ်ပါက အမှန်တစ်ကယ် ဆက်သွယ်နိုင်မည့် အချက်အလက်များ ရရှိရန် ညင်ညင်သာသာ ကိုင်တွယ် လုပ်ဆောင်သင့်ကြောင်း၊ နေရပ်ပြန်လာသူများအနေနှင့်လည်း အစိုးရက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျ ပူပေါင်းလိုက်နာ လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။

အချို့သော ဌါနဆိုင်ရာများအနေနဲ့ ပုံစံကျိုးနေသကဲ့သို့ ခပ်မာမာထန်ထန် ပြောဆိုဆက်ဆံမည်ဆိုပါက တစ်ဖက်ကလည်း ပူးပေါင်းဆောင်ရွက်လိုစိတ် နည်းပါသွားနိုင်ပြီး အမှန်တစ်ကယ် ကူးစက်ခံထားရသောသူ ဖြစ်နေပါက အန္တရာယ်ရှိကြောင်း ရှင်းပြခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့လည်း ပြည်ပမှ နေရပ်ပြန်လာကြသူများအပေါ် အပြစ်ရှိသူသဖွယ် ခွဲခြားဆက်ဆံခြင်းမျိုး မလုပ်သင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ နေရပ်ပြန်လာကြသူများအနေနဲ့လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ ဆက်သွယ်ကာ ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်သင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အစီစဉ်တွင် ပါဝင်ဆွေးနွေးခဲ့သူ ဒေါက်တာသူရိန်လှိုင် ကလည်း Third wave နဲ့ ပက်သက်ပြီး ယင်းအချက်ကို ထောက်ခံဆွေးနွေးသွားခဲ့ပြီး နေရပ်ပြန်လာသူများမှာလည်း Covid-19 ကို ဖြန့်ချင်လို့ ပြန်လာသူများ မဟုတ်သလို ကူးစက်ခံထားသူဖြစ်ခဲ့ပါကလည်း ကူးစက်ခံရမှုဟာ သူတို့ရဲ့ အပြစ်မဟုတ်ကြောင်း ကိုယ်ချင်းစာတရားနဲ့ ရှင်းလင်းဆွေးနွေးသွားခဲ့ပါတယ်။

အဓိကအရေးကြီးသည့်အချက်က နေရပ်ပြန်လာကြသူများအနေနဲ့ ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာသင့်ပြီး နိုင်ငံတွင်းက သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပြည်သူများအနေနဲ့လည်း တစ်ဖက်လူများ စိတ်ဒဏ်ရာမရစေရန် ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း ဆက်ဆံသင့်ကြောင်း ထောက်ပြသွားခဲ့သည်။


23 Mar 2020     5,729 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS