BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကရိယာအတုများ တရုတ်က ဥရောပကိုရောင်းချ

31 Mar 2020     1,395 Views


ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံက လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးကို သူ၏အတွေ့အကြုံများ ဝေမျှခြင်း၊ လိုအပ်သောဆေးဝါးပစ္စည်း အထောက်အပံ့များ လှူဒါန်းခြင်း၊ ရောင်းချခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်။ သို့သော်လည်း ဥရောပနိုင်ငံများဖြစ်ကြသည့် စပိန်နိုင်ငံနှင့် ချက်ခ်ရီပါ့ဘလစ်နိုင်ငံများသို့ တရုတ်နိုင်ငံမှ ရောင်းချခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကရိယာများမှာ အတုများဖြစ်နေကြောင်း တွေ့ရှိရပြီးနောက် တရုတ်နိုင်ငံအပေါ် ယုံကြည်ထားရာကနေ သံသယပွားစရာများ ဖြစ်လာနေပါတယ်။

တရုတ်နိုင်ငံမှ ဝယ်ယူတင်ပို့ခဲ့သော ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကရိယာများ (testing kits) မှာ အဖြေမှန်ကို အတိအကျမဖော်ပြနိုင်ပဲ တစ်ကယ့်လက်ရှိအခြေအနေရဲ့ ၃၀% လောက်သာ ဖော်ပြနိုင်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါပစ္စည်းများကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးပို့မည်ဟု စပိန်နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်များက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်တလောတွင် စပိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အလူးအလဲခံနေရပြီး ကူးစက်မှုပေါင်း ၇၂,၃၃၅ ရှိကာ သေဆုံးသူ ၅,၈၂၀ ရှိနေပြီဖြစ်သည်။

ယခုကဲ့သို့ ကူးစက်မှုနှုန်း သေဆုံးမှုနှုန်း လျှင်မြန်စွာ မြင့်တက်ရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကရိယာ အတုများကို သုံးခဲ့မိ၍ဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

စပိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းစစ်ဆေးရေးကရိယာ အတုများသည် နှစ်နိုင်ငံသဘောတူ စာချုပ်ချုပ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဝယ်ယူထားသော ယူရိုငွေကြေး သန်း ၄၂၃ တန် စစ်ဆေးရေးကရိယာ ၅.၅ မီလီယံနှင့် မသက်ဆိုင်ကြောင်း အဆိုပါစွပ်စွဲချက်ကို ချက်ခြင်းတုံ့ပြန်လိုက်သည်။ ဒါ့အပြင် အတုဟု စွပ်စွဲပြောဆိုထားသည့် စစ်ဆေးရေးကရိယာများ ထုတ်လုပ်သော Shenzhen Bioeasy Biotechnology အမှတ်တံဆိပ်မှာ တရုတ်နိုင်ငံတွင် တရားဝင်လိုင်စင်ရထားသော ကုမ္ပဏီမဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အဆိုပါကုမ္ပဏီမှာ တရုတ်နိုင်ငံက အသိမှတ်ပြုထားသည့် စာရင်းတွင်မပါဝင်ကြောင်း ထပ်မံရှင်းလင်းပြောကြားလိုက်ပြီး Shenzhen Bioeasy အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်များကို ရောင်းချခွင့် လိုင်စင်လည်း မရှိကြောင်း ချေပပြောဆိုလိုက်သည်။ စပိန်နိုင်ငံက ယင်းကုမ္ပဏီထံကနေ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေး ပစ္စည်းပေါင်း ၃၄၀,၀၀၀ မှာယူခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချက်ခ်ရီပါ့ဘလစ်နိုင်ငံကလည်း တရုတ်နိုင်ငံမှ ဝယ်ယူထားသော ဗိုင်းရပ်စ် စစ်ဆေးရေးကရိယာ ၁၅၀,၀၀၀ တွင် ၈၀% က အဖြေအမှားများသာ ထွက်ကြောင်း အလားတူ တိုင်ကြားချက်များ ထွက်ပေါ်လာခဲ့ပါတယ်။

ချက်ခ်က Shenzhen ကုမ္ပဏီကနေ စစ်ဆေးရေးကရိယာများကို ဒေါ်လာ ၅၆၈,၀၀၀ ဖိုး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်များ၏အဆိုအရ စစ်ဆေးရေးကရိယာပေါင်း ၁၀၀,၀၀၀ အတွက် ကုန်ကျစရိတ်ကို ကျန်းမာရေးဝန်ကြီးဌါနက ထောက်ပံ့ပေးပြီး ကျန် ၅၀,၀၀၀ ကိုတော့ ချက်ခ်ပြည်ထဲရေးဝန်ကြီးဌါနက ထောက်ပံ့ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါကရိယာများမှာ အဖြေကို တိကျစွာ မထုတ်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ လက်တလောတွင် ချက်ခ်ရီပါ့ဘလစ်၌ ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၂,၆၃၁ ရှိနေပြီး ၁၁ ဦး သေဆုံးကြောင်း Yahoo news တွင် ဖော်ပြထားသည်။


31 Mar 2020     1,395 Views




RELATED

Most Popular of International News

Most Popular of NEWS