BEC-TERO TV

Lockdown ဖြေလိုက်သည်နှင့် ချက်ခြင်းလူတွေပြည့်သွားတဲ့ တရုတ်ခရီးသွားများ

08 Apr 2020     1,359 Views


တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ပိတ်ထားသော ခရီးသွားလာရာနေရာအချို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်နှင့် ခရီးသည်များ ချက်ခြင်းပြည့်နှက်သွားခဲ့ပြီးနောက် ဗိုင်းရပ်စ်ကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်သည့် နှာခေါင်းစည်းဝတ်ဆင်ခြင်းနှင့် တစ်ဦးနဲ့တစ်ဦး ရှိသင့်သည့် အကွာအဝေး(social distancing) များကို လိုက်နာခြင်းမရှိပဲ လူများ ပြည့်ကျပ်ပြုံတိုးနေတာကို မြင်တွေ့ရပါတယ်။

တရုတ်နိုင်ငံ အန်းဝီစီရင်စုရှိ ရင်သပ်ရှုမောဖွယ်ရာ သဘာဝအလှတရားများရှိရာ နာမည်ကျော် ဟောင်ရှန်းအမျိုးသားပန်ခြံကြီးကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး ဝင်ကြေး အခမဲ့ဖြစ်ကြောင်း ကြေညာခဲ့ရာမှာ တစ်ရက်ထဲမှာပင် လူပေါင်း ၂၀,၀၀၀ ကျော် ရောက်ရှိလည်ပတ်ခဲ့ကြတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် ဟောင်ရှန်းအမျိုးသားပန်းခြံကြီးကို ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဝင်ကြေးလက်မှတ်ခမှာ တရုတ်ယွမ် ၁၉၀ (ကျပ် ၃၈,၄၈၂) သတ်မှတ်ထားသော်လည်း စတင်ပြန်လည်ဖွင့်လှစ်သည့်အနေဖြင့် ဝင်ကြေးအခမဲ့ ခွင့်ပြုခဲ့ရာ ယခုလို လူတွေပြည့်ကျပ်သွားခဲ့ပါတယ်။

ပန်းခြံရဲ့ ဝင်ပေါက်မှာ တစ်ဦးခြင်းစီ၏ ကျန်းမာရေးကို စစ်ဆေးပြီးမှ ဝင်ခွင့်ပြုပြီး နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ တစ်ဦးနဲ့တစ်ဦး အကွာအဝေးကို ထိန်းသိမ်းကြရန် လူမှုဝန်ထမ်းအင်အားများ တိုးချဲ့ကာ တိုက်တွန်းလုပ်ဆောင်နေကြောင်း ပန်းခြံက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ရုပ်သံတွင် မြင်တွေ့ရသည့်အတိုင်း လူအုပ်ကြီးထဲမှ အများစုဟာ နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိသလို တစ်ယောက်နဲ့တစ်ယောက် ပခုံးခြင်းထပ်ကာ ပူးကပ်တိုးဝှေ့နေကြတာကို မြင်တွေ့ရပါတယ်။

အမျိုးသားပန်းခြံကြီးတည်ရှိရာ အန်းဝီစီရင်စုဟာ ဟူဘေစီရင်စု၏ နယ်စပ်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၉၉၀ ရှိပြီး သေးဆုံးသူ ၆ ဦးရှိကြောင်း ဂျွန်ဟောပ့်ကင်းစ်တက္ကသိုလ်၏ တရားဝင်မှတ်တမ်းများအရ သိရှိရသည်။

တရုတ်နိုင်ငံက မဟာတံတိုင်းကြီးလည်း ပြန်လည်ဖွင့်လှစ်ထားသော်လည်း ရှန်ဟိုင်းရှိ ဒစ်စနေကမ္ဘာ နဲ့ ရှေးဟောင်းမြို့တော်ကြီးကိုတော့ ပိတ်ထားဆဲဖြစ်သည်။


08 Apr 2020     1,359 Views




RELATED

Most Popular of International News

Most Popular of NEWS