BEC-TERO TV

ထူးဆန်းစွာ ဗောဓိရွှေညောင်ပေါ်ထွန်း ဆုတောင်းသူများ ချက်ခြင်းထီဆုကြီးများပေါက်

18 May 2020     2,231 Views


ထိုင်းနိုင်ငံ အူဒုံသနိပြည်နယ်တွင် ထူးဆန်းသော ရွှေရောင်အဆင်းနဲ့ ဗောဓိညောင်ပင် ပေါ်ထွက်လာခဲ့ပြီးနောက် လာရောက်ဆုတောင်းကြသူများ မေလ ၁၆ ရက်နေ့က ထွက်ခဲ့သော အစိုးရထီများ ပေါက်ခဲ့ကြောင်း သိရှိရသည်။

ဗောဓိရွှေညောင်ကို လာရောက်ဦးခိုက်ဆုတောင်းခဲ့ကြပြီး ‌နောက်တစ်ရက်တွင် ထွက်ခဲ့သော ထီနံပါတ် ၉၅ ဖြင့် ရွာသူရွာသားများ ထီပေါက်ခဲ့ကြသည်။ အဆိုပါဗောဓိရွှေညောင်ပင်မှာ ပန်စီရင်စုမှာရှိသော ရွာတစ်ရွာ၏ လယ်ကွင်းကြီးထဲရှိ သက်တမ်း နှစ် ၃၀၀ ရှိပြီဖြစ်သော ညောင်ပင်ကြီး၏ အနောက်နားလေးတွင် ကပ်ပေါက်နေခဲ့ပြီး ပင်စည်တစ်ခုလုံး ဖြူစွတ်ကာ ညောင်ရွက်များက ရွှေရောင်လွှမ်းနေသည်။

အဆိုပါလယ်ကွင်း၏ပိုင်ရှင် အသက် ၉၅ နှစ်အရွယ် အမျိုးသမီးကြီး၏ ပြောပြချက်အရ လယ်ကွင်းကြီးမှာ ၁၁.၈ ဧကခန့်ရှိပြီး စပါးတစ်လှည့် ကြံတစ်လှည့်သာစိုက်ပျိုးခဲ့ကြောင်း၊ လယ်ကွင်းထဲရှိ ညောင်ပင်ကြီးမှာ သက်တမ်းအတော်ကြာခဲ့ပြီး သူငယ်စဉ်ကလေးဘဝထဲကပင် အပင်ကြီးဖြစ်နေကြောင်း ပြောပြခဲ့သည်။

ထိုညောင်ပင်ကြီး၏ နောက်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်က ညောင်ပင်လေးတစ်ပင် ထပ်ပေါက်လာပြီး ပုံမှန်ညောင်ပင်များကဲ့သို့ပင် ညောင်ရွက်များမှာ အစိမ်းရောင်ရှိခဲ့သည်။ သို့သော် ၂၀၂၀ ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ကာ ညောင်ပင်လေးက တစ်ပင်လုံး အရောင်များပြောင်းလာပြီး လက်ရှိမှာမြင်တွေ့ရသည့်အတိုင်း ပင်စည်အဖြူနဲ့ ရွှေရောင်သန်းနေတဲ့ ညောင်ရွက်တွေအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။

ဒေသခံရွာသားများက ညောင်ပင်လေးဟာ ထူးခြားပြီး တန်ထိုးရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် လာရောက်ရှိခိုးကန်တော့ကြကာ ထီပေါက်ရန် ဆုတောင်းခဲ့ကြရာမှ နောက်တစ်ရက်တွင် ထွက်သော အစိုးရထီကို ရွာသူရွာသား အများစု ပေါက်ခဲ့ကြကြောင်း ပြောပြခဲ့သည်။

အဆိုပါသတင်း လျှင်မြန်စွာ ပြန့်နှံ့ခဲ့ပြီးနောက် အနီးနားရွာများမှ ထီဆုကြီးများပန်ရန် လာရောက်ဖူးမျှော်သူတွေ များပြားလာကြောင်းသိရသည်။

လယ်ကွင်းပိုင်ရှင် အမျိုးသမီးကြီးက ယခုလို သူမပိုင်တဲ့ လယ်ကွင်းထဲမှာ ထူးဆန်းတဲ့ ရွှေညောင်ပင် ပေါက်ရောက်နေတဲ့အတွက် အလွန်တရာဝမ်းသာပီတိဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။ သူမအနေနဲ့ သီရိလင်္ကာမှာ ရွှေညောင်ပင်ရှိကြောင်း ကြားသာကြားဖူးပြီး မရောက်ဖူးတဲ့အတွက် ဖူးမျှော်လိုတဲ့ ဆန္ဒများပြင်းခဲ့တာကြောင့် သူမရဲ့လယ်ကွက်ထဲမှာ အခုလို လာပေါက်နေကြောင်းလည်း ယုံကြည်နေပါတယ်။


18 May 2020     2,231 Views




RELATED

Most Popular of Special or Others

Most Popular of NEWS