BEC-TERO TV

၁၄ လသားကလေးကို ကားထဲထည့် ဓါတ်ဆီလောင်း မီးရှို့ကာ မိခင်က ရပ်ကြည့်နေခဲ့

20 May 2020     1,545 Views


မေလ ၁၇ ရက်နေ့က အမေရိကန်တိုင်ငံ ကိုလံဘီယာမြို့က ဟိုင်းဝေးလမ်းမပေါ်မှာ အသက် ၁၄ လသား ကလေးငယ်လေးကို မိခင်ဖြစ်သူက ကားထဲထည့်ပိတ်ပြီး ကားကိုဓါတ်ဆီလောင်းကာ မီးရှို့တဲ့ ခြောက်ခြားစရာအဖြစ်ပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

‘ကေလင် အလီစ် ဝပ်ဆင်’ ဆိုသူ အမျိုးသမီးက သူမရဲ့ကလေးကို ကားနောက်ခန်းမှာ ထားရင်း ကားမောင်းလာပြီးနောက် ဟိုင်းဝေးတစ်နေရာအရောက်တွင် ကားကိုလမ်းဘေးချရပ်ကာ ကားကို ဓါတ်ဆီလောင်းပြီး မီးရှို့ခဲ့ပါတယ်။ ကားထဲမှာ သူမရဲ့ သားလေး ‘ကိုရွန်’ အရှင်လတ်လတ် မီးလောင်ခံနေရတာကို လမ်းဘေးမှာ ဒီအဆိုင်း မတ်တပ်ရပ်ကာ လက်ပိုက်ပြီး ကြည့်နေခဲ့ပါတယ်။

ကားမီးလောင်တဲ့ မြင်ကွင်းကြောင့် ဖြတ်သန်းသွားလာတဲ့ ကားအချို့က ဆင်းပြီး ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပါတယ်။ မမျှော်လင့်ပဲ ကားထဲက ကလေးကို တွေ့ရပြီး ချက်ခြင်း ကယ်ထုတ်ကာ ဆေးရုံပို့ပေးခဲ့ရပါတယ်။ ကလေးဟာ အသက်မသေခဲ့သော်လည်း ကိုယ်ခန္ဓာနဲ့ မျက်နှာတစ်ဝိုက်ကို မီးလောင်မှုအဆင့် ၃ နဲ့ လောင်ကျွမ်းခံခဲ့ရကာ ၂၀% ပျက်ဆီးသွားခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ရဲတွေက အခင်းဖြစ်တဲ့နေရာကို လာရောက်စစ်ဆေးရာမှာ မိခင်ဖြစ်သူက ကလေးကို ရည်ရွယ်ချက်ရှိရှိ အရှင်လတ်လတ် မီးရှို့သတ်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း ပေါ်ပေါက်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ‘ဝပ်ဆင်’ ဟာ ယာဉ်စည်းကမ်းချိုးဖောက်မှု အနည်းငယ်ကိုလည်း ကျူးလွန်ခဲ့တာတွေ့ရပါတယ်။ သူမရဲ့ပြစ်မှုကို ပထမတန်းစား လူသတ်မှု ကျူးလွန်ရန် အားထုတ်မှုဖြင့် တရားစွဲခံရမှာဖြစ်ပြီး အာမခံလည်း ရရှိမှာမဟုတ်ပဲ ထောင်ထဲမှာပဲ ထိန်းသိမ်းခံထားရပါတယ်။

ကလေးငယ် ‘ကိုရွန်’ ရဲ့ ဆေးကုသစရိတ်အတွက် GoFundMe ဝဘ်ဆိုက်က အလှူခံပေးလျှက်ရှိပြီး ဖခင်ဖြစ်သူ ‘ဘရန်ဆမ်’ က သူ့သားလေးဟာ ၁၃ လသား ကလေးသာရှိသေးကြောင်း၊ သူ့ကို ကားနောက်ခန်းမှာ မိခင်က ထားခဲ့ပြီး မီးရှို့ခဲ့ကြောင်း၊ လက်ရှိမှာတော့ ဂျော်ဂျီယာမှာရှိတဲ့ သြဂတ်စတာ မီလောင်ဒဏ်ရာကုသရေးစင်တာမှာ ကုသမှုခံယူနေရကြောင်း ဖော်ပြထားပြီး ကလေးရဲ့ ဆေးကုသစရိတ်အတွက် ကူညီထောက်ပံ့ကြဖို့  ရေးသားထားပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းအရ လင်မယားနှစ်ယောက် စကားများခဲ့ကြပြီးနောက် ‘ဝပ်ဆင်’ ဒေါသထွက်ကာ ကလေးကို ကားပေါ်တင်ခေါ်ပြီး ဟိုင်းဝေးလမ်းပေါ်တွင် ကားရော ကလေးကိုပါမီးရှို့ခဲ့တာဖြစ်ကြောင်း သိရသည်။


20 May 2020     1,545 Views




RELATED

Most Popular of Special or Others

Most Popular of NEWS