BEC-TERO TV

Netflix ကို အကြာကြီးပစ်ထားသူများ အကောင့်ပျက်မည်

25 May 2020     1,375 Views


နိုင်ငံတစ်ကာရုပ်ရှင်ဇာတ်ကားများ၊ ကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲများကို အွန်လိုင်းမှတစ်ဆင့် အခကြေးငွေကောက်ခံကာ ပြသလျှက်ရှိတဲ့ အွန်လိုင်းရုပ်သံကုမ္ပဏီကြီး Netflix က လစဉ်ကြေးများ ပုံမှန်ပေးသွင်းနေသော်လည်း Netflix ကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းမပြုသည့် ကာစတန်မာများ၏ အကောင့်များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ယင်းကဲ့သို့ အကောင့်ပယ်ဖျက်ခံရမည့် စာရင်းထဲတွင် သိန်းနဲ့ချီတဲ့ အကောင့်ပိုင်ရှင်များ ပါဝင်နေကြောင်း Netflix က BBC ကို ပြောကြားခဲ့သည်။

Netflix ရုပ်သံမှာ မှတ်ပုံတင်စာရင်းသွင်း အကောင့်ဖွင့်စဉ်ကတည်းက ငွေပေးချေမည့် အချက်အလက်အပြည့်အစုံကို ဖြည့်သွင်းခဲ့ရပြီး အကောင့်ပိုင်ရှင်များအနေနဲ့ ကနဦးကတည်းက လစဉ်ကြေး ပေးသွင်းကြည့်ရှုရတာဖြစ်ပါတယ်။ လစဉ်ကြေးကို မပျက်မကွက် ပုံမှန်ပေးသွင်းနေသော်လည်း မေ့နေ၍သော်၎င်း၊ အကြောင်းတစ်ခုခုကြောင့်သော်၎င်း Netflix ကို နှစ်ပေါက်သည်အထိ တစ်ကြိမ်တစ်ခါမှ ဝင်ရောက်ကြည့်ရှုခြင်းမရှိခဲ့တဲ့ အကောင့်ပိုင်ရှင်တွေ များစွာရှိနေတာကို တွေ့ရှိရပါတယ်။ Netflix အနေနဲ့ ယင်းကဲ့သို့ ရှည်ကြာစွာ ဝင်ရောက်ကြည့်ရှုခြင်းမရှိသော အကောင့်ပိုင်ရှင်များ၏ ငွေကြေးများကို အလဟသမဖြစ်စေရန် လစဉ်ကြေးကောက်ခံမှု ရပ်တန့်သွားစေရန် ရည်ရွယ်ပြီး အကောင့်များကို ပယ်ဖျက်သွားမည်ဖြစ်သည်။

ပထမဦးစွာ အဆိုပါ အကောင့်ပိုင်ရှင်များကို အီးမေးလ်ဖြင့် ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက အကောင့်ကို ပယ်ဖျက်သွားမည်ဖြစ်သည်။ သို့သော် အကောင့်ပိုင်ရှင် ရယူကြည့်ရှုခဲ့သည့် ရုပ်သံများအား ဆက်လက်ထိန်းသိမ်းပေးထားမည်ဖြစ်ကာ တစ်ချိန်တွင် အဆိုပါအကောင့်ပိုင်ရှင်က ပြန်လည် Subscribe လုပ်ပါက မူလအတိုင်း ယခင်ရုပ်ရှင်ဇာတ်ကားများကိုပါ ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံကနေလည်း Netflix အွန်လိုင်းရုပ်သံကို ကြည့်ရှုသူတွေ များပြားလာနေတဲ့အတွက် သတိထားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။


25 May 2020     1,375 Views




RELATED

Most Popular of Special or Others

Most Popular of NEWS