BEC-TERO TV

ယာဉ်ထိန်းမျှော်စင်ပေါ် တစ်နှစ်နီးပါး နေထိုင်လျှက် SAMSUNG ကို ဆန္ဒပြနေသူတစ်ဦး

25 May 2020     1,343 Views


တောင်ကိုရီးယားနိုင်ငံက အသက် ၆၁ နှစ်အရွယ် ‘ကင်မ်ယောင်ဟီး’ ဆိုသူဟာ အလုပ်သမားများအခွင့်အရေးအတွက် ဆမ်ဆောင်း ကုမ္ပဏီကို ဆန္ဒပြတဲ့အနေနဲ့ ဆိုလ်းမြို့ အလယ်က အမြင့်မီတာ ၂၀ (၆၅ ပေခွဲ) မြင့်တဲ့ ယာဉ်ထိန်းမျှော်စင်ပေါ်မှာ တက်နေနေခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

‘ကင်မ်ယောင်ဟီး’ ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က ဆမ်ဆောင်းကုမ္ပဏီရဲ့ အလုပ်သမားတစ်ဦးဖြစ်ခဲ့ပြီး ကုန်သွယ်ရေးသမဂ္ဂဖွဲ့စည်းရန် ကြိုးပမ်းခဲ့မှုကြောင့် အလုပ်မှထုတ်ပစ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ကုမ္ပဏီမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားများရဲ့အခွင့်အရေးအတွက် တစ်ချက်ကလေးမှ နောက်မဆုတ် ဦးမညွတ်ပဲ ဇွဲစိတ်သန်သန်နဲ့ ယနေ့အချိန်ထိ ဆန္ဒပြခဲ့သူဖြစ်ပါတယ်။

‘ကင်မ်ယောင်ဟီး’ ဟာ အကျယ် ၁၅၀ စင်တီမီတာ (၅ ပေနီးပါး) သာရှိတဲ့ တာဝါတိုင်ပေါ်မှာ နေထိုင်ရင်း နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းကို တစ်ကိုယ်တော် ဆန္ဒပြခဲ့တာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူဟာနေရာကျဉ်းကျဉ်းလေးထဲမှာ တစ်နေကုန် ဆောင့်ကြောင့်သာ ထိုင်နေရပါတယ်။ အစာငတ်ခံဆန္ဒပြဖို့ စိတ်ကူးမိပေမယ့် ဒီနည်းလမ်းက အချိန်ကြာလာရင် သူ့ရဲ့သဘောထားတွေကို ပြောင်းလဲစေနိုင်တာကြောင့် ထင်ထင်ရှားရှားနဲ့ လူတိုင်း သတိထားမိစေမယ့် အခုနည်းလမ်းကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း BBC ကို ပြောကြားခဲ့ပါတယ်။

သူဟာ သမဂ္ဂဖွဲ့စည်းဖို့ကြိုးစားခဲ့တာကြောင့် ရဲတွေဖမ်းဆီးထိမ်းသိမ်းတာကို ခံခဲ့ရပြီး နောက်ပိုင်းမှာ အလုပ်ပါ ပြုတ်သွားခဲ့ပါတယ်၊ အဲဒီအချိန်က သူ့အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ ဆမ်ဆောင်းကုမ္ပဏီအနေနဲ့ သူ့အပေါ် တရားမျှတမှုမရှိဖူးလို့ ခံစားရတဲ့စိတ်နဲ့ ရက်ပေါင်း အတော်ကြာ ညအိမ်မပျော်တာတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ဆမ်ဆောင်းကို တုံ့ပြန်ဖို့ သူ့ဘဝတစ်ခုလုံးကို နှစ်မြုတ်လိုက်ပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ဆန္ဒပြထုတ်ဖော်မှုကို အခုရပ်လိုက်မလား၊ သေမလာဆိုရင် သေဖို့ပဲ ရွေးချယ်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ တာဝါတိုင်ပေါ်တက်ပြီး တစ်ကိုယ်တော်ဆန္ဒပြနေမှုကို အောက်ဘက်မှာ ဝန်းရံပြီး ပူးပေါင်းဆန္ဒပြကြတဲ့ သူတွေလည်း ရှိနေပါတယ်။ အဲဒီအထဲမှာ ဆမ်ဆောင်းရဲ့ ဝန်ထမ်းဟောင်းတွေလည်း ပါဝင်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆမ်ဆောင်းရဲ့ ထိပ်ပိုင်းအမှုဆောင်အရာရှိအချို့ သမဂ္ဂဖြိုခွင်းမှုမှာ အပြစ်မှုထင်ရှားကြောင်း စုံစမ်းတွေ့ရှိခဲ့ရပါတယ်။ အဲဒီအတွက် အကြီးကဲဖြစ်သူ ‘လီဂျေယောင်း’ က လူသိရှင်ကြား တောင်ပန်ခဲ့ပြီး ကုမ္ပဏီနေနဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ရပါတယ်။

ဒီသတင်းကို ဖုန်းကနေ ကြည့်လိုက်ရတဲ့ ‘ကင်မ်ယောင်ဟီး’ ကတော့ အတော်စိတ်ပျက်ဖို့ကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “တောင်းပန်တယ်ဆိုတာ ရင်ထဲကလှိုက်လှိုက်လှဲလှဲနဲ့ ရိုးသားမှုရှိဖို့လိုတယ်” လို့ ဆိုပါတယ်။

ဆမ်ဆောင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ “မစ္စတာကင်မ် ဘေးကင်းလုံခြုံစေဖို့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်၊ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း လုပ်ခဲ့ပါတယ်။ အချို့သော စွပ်စွဲချက်တွေကတော့ ဆန့်ကျင်ဘက်တွေဖြစ်ပါတယ်၊ မစ္စတာကင်မ် ကို အလုပ်ကနေရပ်နားလိုက်တဲ့ ကိစ္စက ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေအတိုင်းပါပဲ။ ဆမ်ဆောင်းအနေနဲ့ လက်ရှိအခြေအနေအပေါ်မှာ စိတ်မကောင်းဖြစ်ရပါတယ် အဲဒါကြောင့် ပြေလည်အောင် ဖြေရှင်းဖို့လည်း ကြိုးစားနေပါတယ်” ဟု ဖော်ထားသည်။


25 May 2020     1,343 Views




RELATED

Most Popular of International News

Most Popular of NEWS