BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန်ကူးစက်မှုကြောင့် တောင်ကိုရီးယားတွင် စာသင်ကျောင်းများပြန်ပိတ်

29 May 2020     1,510 Views


တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းများ ပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ်ဖြစ်ပွားခဲ့တာကြောင့် စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ချက်ခြင်းပြန်ပိတ်ခဲ့ပြီး ကျောင်းသားများ အွန်လိုင်းစာသင်ခန်းများဆီ ပြန်သွားနေကြရပါတယ်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်အသစ်ဖြစ်ပွားမှု ၅၆ မှု ရှိခဲ့ပြီး မနေ့က ၇၉ ဦးထိ တွေ့ရှိခဲ့တာကြောင့် နှစ်လအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ်ဖြစ်ပေါ်လာရခြင်းဟာ လူထူထပ်လွန်းသည့် နေရာများနှင့် ဆက်နွယ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရမှုအသစ်တွေ့ရှိသူ အများစုမှာ ဆိုလ်းမြို့ အနောက်ပိုင်း ဘူချွန်းရှိ ကုန်ပစ္စည်းများဖြန့်ဝေရာ ကူပန်းဂိုဒေါင်နေရာနှင့် ဆက်စပ်လျှက်ရှိကြောင်း သိရသည်။ အဆိုပါဂိုဒေါင်ကြီးမှာ နိုင်ငံအတွင်း အွန်လိုင်းရောင်းဝယ်ရေး ပစ္စည်းများကို ဖြန့်ဖြူးပေးသည့် အကြီးဆုံးနေရာကြီးဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာမှု အားနည်းကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

Covid-19 ရောဂါပိုးကို အလုပ်သမားများ၏ ရူးဖိနပ်နဲ့ အဝတ်အစားတွေပေါ်မှာ ခြေရာခံတွေ့ရှိရကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ဆိုပါတယ်။ အဆိုပါဂိုဒေါင်မှာ အလုပ်လုပ်​နေကြတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီး လာမယ့် နှစ်ပတ်အတွင်းမှာ အခြားသော ကုန်ပစ္စည်းဖြန့်ဖြူးရေး ဂိုဒေါင်တွေကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီအခြေအနေကြောင့် ဘူချွန်းမှာရှိတဲ့ စာသင်ကျောင်း ၂၅၁ ကျောင်းကို ပြန်ဖွင့်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ပြန်ပိတ်ဖို့ ချက်ခြင်းညွှန်ကြားခဲ့ရသလို အခြားသော နေရာများမှ ရာနဲ့ချီတဲ့ ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်ဖို့အရေး နှောင့်နှေးနေပါတယ်။

ဆိုလ်းမြို့က ကျောင်းသားလေး တစ်ဦးမှာ ဗိုင်းရပ်စ်ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ကျောင်းသားရဲ့ မိခင်ဟာ ကူပန်းဂိုဒေါင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ကန့်သတ်ချက်တွေနဲ့ လူခွာနေခြင်း social distancing တွေကို လာမယ့် နှစ်ပတ်မှာ ပိုမိုတင်းကျပ်စွာ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။


29 May 2020     1,510 Views




RELATED

Most Popular of International News

Most Popular of NEWS