BEC-TERO TV

မွေးရာပါ ပါးစပ်နှစ်ပေါက်ပါလာသူ ကလေးငယ်အား ဖြတ်တောက် ခွဲစိတ်ကုသ

29 May 2020     1,408 Views


အသက် ၆ လ အရွယ် သမီးငယ်လေးဟာ မွေးကတည်းက ညာဘက်ပါးပြင် မေးစေ့နားမှာ ပါးစပ်ပေါက် တစ်ပေါက် အပိုလာခဲ့ပါတယ်။ ဒီပါးစပ်ဟာ အပေါက်ချည်းသက်သက် မဟုတ်ပဲ အတွင်းထဲမှာ သူ့ကိုယ်ပိုင် လျှာ နဲ့ သွားတို့ပါ ပါရှိနေခဲ့ပါတယ်။

ဒါဟာ မျိုးဗီဇဆိုင်ရာ အလွန်ရှားပါးတဲ့ အခြေအနေ Diprosopus (ဆေးပညာအခေါ်ဝေါ်) ဖြစ်ပြီး ကမ္ဘာပေါ်မှာ ၁၉၀၀ ခုနှစ်ကတည်းကနေ အခုချိန်ထိ လက်ရှိ ကလေးလေးအပါအဝင် ၃၅ ဦးမှာသာ ခံစားခဲ့ရတာဖြစ်ပါတယ်။

ဒီလိုဖြစ်လာမယ့် အခြေအနေကို မိခင်ကိုယ်ဝန်ဆောင်စဉ် စကန်ဖတ်ကြည့်ကတည်း သိရှိခဲ့ပါတယ်၊ ဒါပေမယ့် ကနဦးမှာတော့ အသားပိုအလုံးလေးလို့ ထင်မှတ်ထားခဲ့ကြတာပါ။ ကလေးမွေးလာတဲ့အချိန်မှာ ၀.၈ လက္မသာ ရှိတဲ့ ဒုတိယပါးစပ်ပေါက်လေးကိုဆရာဝန်တွေက စတင်တွေ့ရှိ သတိထားမိခဲ့ပါတယ်။

ဒုတိယပါးစပ်ပေါက်လေးဟာ ပင်မပါးစပ်ပေါက်နဲ့ အတွင်းပိုင်မှာ ချိပ်ဆက်နေခြင်းမရှိကြောင်း ဆရာဝန်တွေက ဆေးပညာဂျာနယ်BMJ ကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ကလေးဟာ ကောင်းစွာအသက်ရှုနိုင်ပြီး အစားအသောက် စားတာကလည်း ပုံမှန်ပဲလို့ ဆိုပါတယ်။

ဒုတိယပါးစပ်ပေါက်ကနေ တစ်ခါတစ်ရံ တံတွေးလို့ ထင်ရတဲ့ အရည်လေးတွေ ထွက်လာတတ်ကြောင်း ပြောပါတယ်။ ခွဲစိတ်ပြီးသွားရင်တော့ ကလေးဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ခွဲစိတ်ဆရာဝန်တွေက ဆိုပါတယ်။

ခွဲစိတ်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ ကလေးရဲ့ အောက်မေးရိုးထဲထိ လွန်သွားနဲ့ ထိုးဖောက်ပြီး ဒုတိယပါးစပ်ထဲမှာ သွားတွေဖြစ်လာမယ့်အပိုအရိုးတွေကို ဖယ်ရှားပေးဖို့တွေလည်း ပါဝင်ခဲ့ပါတယ်။

ခွဲစိတ်ပြီးသွားတဲ့အခါမှာ သူမရဲ့ ညာဘက်ပါးလေးက ဒဏ်ကြောင့် ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေပြီး လအနည်းငယ်အကြာကုသမှုတွေ ပြီးဆုံးသွားရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကလေးမလေးရဲ့ အောက်နှုတ်ခမ်း ညာဘက်ပိုင်းက ကြွက်သားတွေ မလှုပ်ရှားနိုင်တာကို ဆရာဝန်တွေ သတိပြုမိခဲ့ကြပါတယ်။ ဒါဟာ အဲဒီဝန်းကျင်တစ်ဝိုက်က ကြွက်သားတွေ ပျက်ဆီးတာ သို့မဟုတ် ဒီအတိုင်းပဲ အလုပ်မလုပ်တော့တာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

Diprosopus အခေုအနေဖြစ်စဉ်ကို တိရိစ္ဆာန်တွေမှာလည်း တွေ့ဖူးတဲ့ မှတ်တမ်းတွေရှိပါတယ်။ ကြက်၊ သိုး နဲ့ ကြောင်တွေမှာလည်းအခုလိုရှားပါတဲ့ ဖြစ်စဉ်မျိုး ရှိဖူးပါတယ်။

သိပ္ပံပညာရှင်တွေကတော့ အခုလိုဖြစ်ရတာဟာ ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်ဖွဲ့တည်ဆောက်ဖို့ ပရိုတိန်းက အချက်ပြညွှန်ကြားမှုပြဿနာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအခြေနေတွေကနေ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အပွားတွေ ဖြစ်လာနိုင်ပါတယ်။


29 May 2020     1,408 Views




RELATED

Most Popular of Special or Others

Most Popular of NEWS