BEC-TERO TV

Zoom အကြောင်းတစေ့တစောင်း

09 Jun 2020     2,005 Views


COVID-19 ကပ်ဆိုက်ပြီးလူတွေအိမ်တွင်းမှာအောင်းနေရ၊ အလုပ်မသွားရဘဲ(Work from Home) အိမ်ကပဲအလုပ်လုပ်ကြရတဲ့အခါ ZOOM ဆိုတဲ့ ရုပ်မြင်သံကြား လူအများ အဝေးကနေ စုပေါင်းဆွေးနွေးလို့ရတဲ့ Application က ခေတ်စားလာပါတယ်။

နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာပါ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ တစ်ချိန်တည်းမှာပဲ ZOOM နဲ့ ပတ်သက်ပြီးဆိုက်ဘာလုံခြုံရေးအရစိတ်မချဘူးဆိုတဲ့အသံတွေလည်းထွက်လာပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ကျွန်တော်တို့တတွေ ZOOM ကိုအသုံးပြုနေကြဆဲပါပဲ။

ဘာကြောင့်လဲဆိုတော့ ZOOM က လူတစ်ရာအထိကိုအစည်းအဝေး (Teleconference) မိနစ် (၄၀) စာအခမဲ့လုပ်ခွင့်ပေးထားပါတယ်။တရားဝင် မိနစ်(၃၀) ခွင့်ပေးပြီးနောက်ထပ် (၁၀) မိနစ်ထပ်တိုးပေးပါတယ်။ သာမာန်အစည်းအဝေးတစ်ခုအတွက် လုံလောက်တဲ့အချိန်ပါပဲ။ဒီထက်အချိန်ပိုလိုချင်ရင်တော့ တစ်လကို ၁၅ ဒေါ်လာကနေဒေါ်လာ ၂၀ အထိပေးရတဲ့ အခပေးစနစ်ကိုအသုံးပြုနိုင်ပြီးပိုမိုကြာရှည်ကျယ်ပြန့်တဲ့ စီးပွားရေးဆွေးနွေးပွဲတွေ အတွက်တော့ တစ်လကိုဒေါ်လာ ၅၀ ကနေ ၁၀၀ အထိပေးရတဲ့ ZOOM Room လိုဝန်ဆောင်မှုတွေရှိပါတယ်။

၁၅ ဒေါ်လာတန် ZOOM Pro က လူတစ်ရာအတွက် ၂၄ နာရီရုပ်သံအစည်းအဝေးလုပ်ခွင့်ပေးပြီး၊ ၂၀ ဒေါ်လာတန် ZOOM Business က လူ ၃၀၀ အထိရုပ်သံအစည်းအဝေး (၁၀) ခုခွဲပြီးလုပ်လို့ရပါတယ်။ တကယ်တော့ ZOOM ဟာ COVID-19 ကြောင့် နေ့ချင်းညချင်းလူသိများလာတာဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်ကတည်းကဈေးကွက်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။၂၀၁၃ ခုနှစ် မေလမှာ ZOOM သုံးစွဲသူဦးရေတစ်သန်းရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာနေ့စဉ်ပျှမ်းမျှ သုံးစွဲသူ ၁၀ သန်းရှိပါတယ်။

ဆိုးကျိုးတွေသယ်ယူလာတဲ့ COVID-19 ဟာ ZOOM အတွက်တော့ ကံကောင်းခြင်းတွေ ယူလာပေးတယ်လို့ ပြောရမလိုပါပဲ။ ၂၀၂၀ ပြည့်နှစ် မတ်လမှာနေ့စဉ်သုံးစွဲသူသန်း ၂၀၀ အထိအံ့မခန်းတိုးတက်လာလို့ပါ။ သုံးစွဲသူတွေများလာတာနဲ့အမျှ ZOOM ရဲ့ ရှယ်ယာဈေးတွေဟာလည်းတရှိန်ထိုးမြင့်တက်ခဲ့ပါတယ်။ ZOOM ဟာ ၂၀၁၉ ဧပြီလကမှ အများပိုင်ကုမ္ပဏီအဖြစ် ကူးပြောင်းခဲ့တာဖြစ်ပြီးအဲဒီမတိုင်ခင်ကအထိတော့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ (Venture Capitalists) တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရပ်တည်ခဲ့ပါတယ်။

ZOOM ကိုစတင်တည်ထောင်စမှာ Qualcomm ကုမ္ပဏီပိုင် Qualcomm Venture ၊ Yahoo တည်ထောင်သူ Jerry Young ၊ Web Ex တည်ထောင်သူ Subrahlyar တို့တွေကပါ ပါဝင်ရင်းနှီးခဲ့ကြပါတယ်။ နောက်ပိုင်းမှာFacebook နဲ့ Google ပိုင် GPS ကုမ္ပဏီ WaZe တို့သာမက လီကားရှင်းရဲ့ Horizon Ventures နဲ့ Patrick Soon-Shiongတို့လိုပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူနဲ့ ကုမ္ပဏီများကငွေကြေးထည့်ဝင်ခဲ့ကြပါတယ်။

 

ZOOM ရဲ့ ဖခင်

*****************

တရုတ်ပြည်ကကူးစက်ပျံ့နှံလာတဲ့ COVID-19 ရောဂါ ကူးစက်မှု ကျယ်ပြန့်လာတဲ့အချိန်မှာလူသုံးများထင်ရှားလာတဲ့ ZOOM ကိုစတင်တည်ထောင်သူဟာတရုတ်အမျိုးသားတစ်ယောက်ဖြစ်နေတာကလည်းတိုက်ဆိုင်မှုလို့ပဲဆိုရမလားပါပဲ။ ZOOM ကိုတည်ထောင်သူ Eric Yuan (အဲရစ်ယွန်) ဟာတရုတ်ပြည်မှာမွေးဖွားကြီးပြင်းခဲ့ပြီးအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပါတယ်။ အဲရစ်ယွန်ဟာ ZOOM ရဲ့ အစုရှယ်ယာ ၂၂ % ကိုပိုင်ဆိုင်ထားပြီးပိုင်ဆိုင်မှုတန်ဖိုးခုနှစ်ဘီလီယံ ချမ်းသာကြွယ်ဝပါတယ်။ အခုလို ZOOM လူသုံးများတဲ့အချိန်မှာတော့ ဒီထက်ပိုချမ်းသာနေပါပြီ။ Forbes ရဲ့ ကမ္ဘာ့ဘီလျံနာမှတ်တမ်းမှာအဆင့် ၂၉၃ ချိတ်တဲ့ အဲရစ်ယွန်ဟာ ၁၉၇၀ ခုနှစ်မှာတရုတ်နိုင်ငံ၊ ရှမ်ဒေါင်းပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။

သူ့အဖေကသတ္တုတွင်းအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ အဲရစ်တက္ကသိုလ်တက်နေတဲ့အချိန် ၁၉၈၇ ခုနှစ်မှာအရုပ်မြင်အသံကြားရတဲ့ အဝေးဆက်သွယ်ရေး (ဗီဒီယိုတယ်လီဖုန်း) ဆော့ဖ်ဝဲလ်တစ်ခုကိုတီထွင်ဖို့အကြံရခဲ့ပါတယ်။ အဲဒီအကြံကို၁၀ နာရီကြာအောင် ရထားစီးပြီးတွေ့ရတဲ့ ရည်းစားဆီကိုသွားနေစဉ် ဒီထက်ပိုလွယ်ကူမြန်ဆန်တဲ့ ဆက်သွယ်ဖို့နည်းလမ်းကိုစဉ်းစားရင်းရခဲ့တာပါ။ အဲဒီအချိန်မှာသူ့အသက် ၁၇နှစ်ပဲရှိပါသေးတယ်။အဲရစ်ဟာအသုံးချသချာၤနဲ့ သိပ္ပံဘွဲ့နဲ့ ဘွဲ့လွန်ကိုရှမ်ဒေါင်းတက္ကသိုလ်ကရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် ဂျပန်မှာ ၄ နှစ်သွားပြီးအလုပ်လုပ်ပါတယ်။ဂျပန်မှာအလုပ်လုပ်နေတဲ့အချိန် ၁၉၉၄ ခုနှစ်မှာဘီလ်ဂိတ်ပြောတဲ့ မိန့်ခွန်းတစ်ခုကိုနားထောင်လိုက်ရပြီးအမေရိကန်နိုင်ငံကိုပြောင်းရွှေ့ အခြေချလိုစိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ သူသွားချင်တဲ့နေရာကတော့ ကွန်ပျူတာနည်းပညာဖွံ့ဖြိုးထွန်းကားရာဆီလီကွန်ဗယ်လီပဲဖြစ်ပါတယ်။

အဲရစ်ယွန်ရဲ့ အမေရိကန်ခရီးဟာလွယ်လွယ်ကူကူနဲ့ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ အမေရိကန်ဗီဇာအကြိမ်ကြိမ်ပယ်ချခံရပြီး ၉ ကြိမ်မြောက်မှာတော့ အဲရစ်ဟာအမေရိကန်နိုင်ငံကို ဝင်ခွင့်ဗီဇာရခဲ့ပါတယ်။ အဲဒီအချိန်ဟာ ၁၉၉၇ ခုနှစ်၊ အဲရစ်ယွန်ရဲ့ အသက်ဟာ ၂၇ နှစ်ရှိပြီဖြစ်ပြီးအင်္ဂလိပ်စကားနည်းနည်းလေးပဲပြောတတ်ပါတယ်။

အဲရစ်ယွန်းဟာအမေရိကန်ရောက်တော့ WebEx ဆိုတဲ့ ဗီဒီယိုကွန်ဖရင့် Application တွေရေးတဲ့ ကုမ္ပဏီမှာအလုပ်ရပါတယ်။(အဲဒီကုမ္ပဏီကို Cisco က ၂၀၀၇ မှာ ဝယ်ယူလိုက်ပါတယ်။) WebEx မှာအလုပ်လုပ်နေစဉ် အဲရစ်ယွန်ဟာသူဝါသနာပါတဲ့ ဘောလုံးကစားတဲ့အချိန်ကလွဲရင် တစ်ညလုံးပရိုဂရမ်ကုတ်တွေကိုထိုင်ရေးနေလေ့ရှိတယ်လို့ပြေကြပါတယ်။ အဲရစ်ယွန်ရဲ့အရည်အချင်းကိုပေါ့တွက်လို့တော့ မရပါဘူး၊ ဘာလု့ိလဲဆိုတော့ WebEx မှာအင်ဂျင်နီယာပိုင်းဆိုင်ရာဒုတိယဥက္ကဌအထိတာဝန်ပေးခြင်ခံခဲ့ရလို့ပါပဲ။

၂၀၁၁ ခုနှစ်မှာစမတ်ဖုန်းတွေမှာသုံးဖို့ ရုပ်မြင်သံကြားစည်းဝေး (Video Conference App) တစ်ခုကိုရေးဆွဲပြီး Cisco အုပ်ချုပ်ရေးအဖွဲ့ကိုတင်ပြခဲ့ပါတယ်။ Cisco အုပ်ချူပ်ရေးအဖွဲ့ကပယ်ချလိုက်တဲ့အခါမှာတော့ အဲရစ်ယွန်ဟာအလုပ်ထွက်ပြီး ZOOM Video Communication ကိုတည်ထောင်လိုက်ပါတယ်။ ZOOM App ကို ၂၀၁၃ ခုနှစ်ဈေးကွက်မှာစတင်မိတ်ဆက်ခဲ့ပြီးယခုလိုအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ အဲရစ်ယွန်နဲ့ ZOOM တို့ရဲ့ဖြစ်စဉ်ကို ပြန်ကြည့်ရင် သူ့ရဲ့ ပင်ကိုယ်ထူးချွှန်မှု၊ မဆုတ်မနစ်အားထုတ်မှု၊ ကာလဒေသနဲ့အခြေအနေရဲ့ ပံ့ပိုးမှုတွေကိုတွေ့နိုင်ပါတယ်။

ZOOM ဟာကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ပတ်သက်ပြီးစိတ်မချရဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သော်လည်းယခုအထိတော့ စင်ပေါ်မှာရှိနေဆဲ App တစ်ခုပါပဲ။ ဘယ်လောက်ထိ ကြာကြာ၊ ဘယ်လိုဆက်လက်အသုံးတော်ခံမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

 


09 Jun 2020     2,005 Views




RELATED

Most Popular of Special or Others

Most Popular of NEWS