BEC-TERO TV

လိုင်းပေါ်မှာ liveလွှင့်ပြီး ဆွဲကြိုးချခဲ့တဲ့ case နဲ့ပတ်သက်ပြီး ဆရာဝန်မလေးတစ်ဦးရဲ့ သုံးသပ်ချက်

11 Jun 2020     1,899 Views


အစက ကျွန်မနားမလည်ပေမယ့် နောက်ကျနားလည်လာတယ်။ ဆွဲကြိုးချသေတဲ့ video fileတွေလို့ နှစ်ခါပြန်သေချာကြည့်မိတယ်။ ခုန်ချပြီးပြီးချင်းလာဆွဲမယ့်သူမရှိ တွေ့တွေ့ချင်းလူကလည်း ကြိုးကိုချက်ချင်းဖြတ်ချရမယ်ဆိုတာ မတွေးမိကြဘူး။ မကြုံဖူးလို့ထင်ပါရဲ့။ ထားပါလေ သူ့ကံတရားပေါ့။ ခုန်ချကတည်းက လည်ပင်းအဆစ်ကပြုတ်လောက်ပါပြီ။ Hanging case တွေဆိုတာ ကျွန်မလက်ထောက်ဆရာဝန်ဘဝမှာ ခနခနကြုံခဲ့ရတဲ့အရာပါ။ ကျွန်မက case လိုက်လေ့ရှိတယ်။

EMO night duty ဆို ညသန်းခေါင် နွားလှည်းကြီးနဲ့အလောင်းကြီး ရောက်ချလာတတ်ပါတယ်။ ဗေဒင်မမေးနဲ့ ဆွဲကြိုးချသေလာတာပါ။ ရွာတွေကလာတော့ ရောက်ချိန်ဟာ အမြဲလို ညသန်းခေါင်ပါ။ ဆရာဝန်ရဲ့အလုပ်က သေချာစစ်ဖို့ပါ။ ညကြီး ရင်ခွဲရုံထဲက ရင်ခွဲသူအမူးကိုယ်တော်နဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲမဖြစ်တော့ ဆေးရုံရှေ့ အလောင်းချချချင်း အလင်းရောင်အောက်မှာပဲ သေချာဖြဲယဲ စစ်ရတယ်။

အဲ့စကား မရိုမသေစကားပေမယ့် တကယ် ဖြဲစစ်ရတာပါ။ မြေကြီးပေါ်ချထားတဲ့အလောင်းနား ဒူးတုတ်ပြီး ပါးစပ်ဖြဲ ပေါင်ဖြဲ တကိုယ်လုံးသေချာကြည့်ရတဲ့အပြင် မိန်းမဆို မုဒိန်းကျင့်ခံရ ဘာညာသိဖို့ မိန်းမကိုယ်ထဲက နမူနာအရည်တွေပါ အလောင်းနားမျက်နှာကပ်ခါ နှိုက်ယူရပါသရှင့်။ (ဆရာဝန်ဘဝဟာ ကိုရီးယားကားထဲကလို နားကျပ်လေးနဲ့ ကျော့ကျော့လေးထင်နေသူများ ဆောရီး စောင်ဆရာဝန်တွေဘွ သာယာတယ်မှတ်ပြီးအလကားနေဆဲနေသူတွေလည်းဆောရီး ကိုယ်တွေတကယ့်ဘွကအာ့လိုပဲ) အဲ့လိုအနုလုံ ပတိလုံ အလောင်းရှုသဘင်ပြီးသကာလ ဝပြီဆို ရင်ခွဲရုံပို့ မနက်ဂျူတီထွက်ချိန်အိမ်မပြန်ရ အဲ့အလောင်းကို ရင်ခွဲရုံမှာ အလုပ်သမားနဲ့အတူ ခွဲစိတ်ရပါတယ်။ ဆွဲကြိုးချလို့သေတာလား..သတ်ပြီးမှ ကြိုးစွပ်ထားသလား အဆိပ်မိနေတာရှိလား တခြားရောဂါရှိလား မိန်းမတွေဆို ကိုယ်ဝန်ရှိနေလား ဒါဏ်ရာရှိနေလား စသည် ဆရာဝန်ကဆုံးဖြတ် ဆေးစာရေးရပါတယ်။ တရားရုံးမှာ ထွက်ဆိုရပါတယ်။ 

ပြောချင်တာက ဆွဲကြိုးချသေတဲ့သူ ကျွန်မကြုံဖူးသမျှ အများစုဟာ ကြံ့ခိုင်သန်စွမ်းတဲ့ယောက်ျားရင့်မကြီးတွေပဲ။ မိန်းမတွေလည်းဖြစ်တတ်တယ် ဒါပေမယ့်ယောက်ျားပိုများသလိုပဲ။ ဒါကြောင့်ဒီစာကိုရေးပါတယ်။ အစက ကျွန်မနားမလည်ပေမယ့် နောက်ကျတော့ နားလည်လာတယ်။ လောကဓံနဲ့တကယ်ကြုံပြီဆို မိန်းမတွေက ဒူပေဒါပေပိုခံနိုင်ကြပါတယ်။ နေ့စဉ် စိတ်ဆင်းရဲစရာတွေခါးစည်းဖြေရှင်းနေကြမို့ဖြစ်နိုင်ပါတယ်။ ယောက်ျားတွေကျ စိတ်ရှုပ်မခံနိုင်ပါဘူး စိတ်ရှုပ်စရာလို့ ထင်တာနဲ့ လွတ်ရာနေ လွတ်ရာသွား ခေါင်းထဲသိပ်ထည့်လေ့မရှိ နားပူမခံနိုင်တာ ကျားသဘာဝပါ။ နောက်တချက်က ယောက်ျားတွေသဘာဝဟာ ရင်ဖွင့်ပြောပြလေ့မရှိဘူး။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် မိန်းမတွေက ရင်ဖွင့်တတ်တယ် ကိုယ်ယုံကြည်ရသူကိုဖွင့်ပြောပြ ငိုယို လုပ်လိုက်ရင် များသောအားဖြင့်နည်းနည်း စိတ်ထဲပေါ့သွားတတ်တယ်။

ယောက်ျားတွေမှာကျ ယောက်ျားမာနလည်းရှိ သိက္ခာကိုထိခိုက်မှာအရမ်းကြောက်ကြတော့ ရင်ဖွင့်ကြလေ့မရှိတော့ သူ့အပူနဲ့သူလောင်မြိုက်ပြီး စိတ်ဖြေရာကိုရှာမတွေ့တတ်ဘူး။ ပြီးတော့ လင်မယားကြားသံသယတွေမှာ မိန်းမတွေကသံသယရှိတာ ဖွင့်ပြော ရန်လုပ် ပြသနာရှာလေ့ရှိပေမယ့် ယောက်ျားတွေကတော့ စိတ်ထဲမြုံထားတဲ့ သံသယနဲ့ သူ့ဘာသာပိတ်လှောင်ပြီး ထွက်ပေါက်မရှိဖြစ်တတ်တယ်။ အဲ့စိတ်တွေကိုဖောက်ထုတ်ချိန်ဟာ သူတပါးအသက်ရန်ရှာတာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေ ဖြစ်တတ်တယ်။

အဲတော့ ယောက်ျားတွေရဲ့ပင်ကိုယ်စိတ်ဟာ သဘာဝပေမယ့် ရင်ဖွင့်တတ်တဲ့အကျင့်တော့ ရှိစေချင်တယ်။ဘယ်သူ့အတွက်မှမဟုတ် ကိုယ့်အတွက်ပါ။ ဘယ်သူမှနားလည်ပေးစရာမလို ကိုယ့်စိတ်ထဲပေါ့သွားဖို့အတွက်ပါ။ လင်မယား ကြားက ပြသနာဆိုလည်း သူကတကယ်ဖောက်ပြန်နေတောင် ကိုယ်ကသေစရာအကြောင်းမရှိပါဘူး။ တကယ်မဟုတ်ပဲ ကိုယ်ကသံသယကြီးနေတာလားဆိုတာလည်း ရင်ဖွင့်ဆွေးနွေးတိုင်ပင်မှသာရတာရယ်။ တယောက်ထဲ မြုံနေပြီး ပြသနာကိုကြီးထွားစေတာအဖြေမဟုတ်ဘူး။ ပြီးတော့ကလေးတယောက်ရဲ့ စိတ်ဒါဏ်ရာဟာ မိဘရန်ဖြစ်ချိန်တိုင်း ဒါဏ်ရာတခုရတယ်။ မိဘသေဆုံးခြင်းကိုမျက်မြင်မြင်ရရင် အဲ့စိတ်ဒါဏ်ရာဟာ သေရာပါနိုင်ပါတယ်။

အိမ်ထောင်ရေးဆိုတာကို မယုံကြည် မုန်းတီးသွားနိုင်သလို သူတို့စိတ်တအားဖိစီးတဲ့အခါ အဲလိုအတုခိုးပြီးလုပ်မိမှာမျိုးတွေလဲ ကြောက်ရပါတယ်။ ရန်ဖြစ်ရင်တောင် ကလေးကွယ်ရာပဲ ဖြစ်သင့်တာမှာ အိပ်တွင်းအကြမ်းဖက်မှု့ တွေ ကလေးတွေလုံးဝ မတွေ့ကြုံသင့်ပါဘူး။ ဘဝမှာ တခါရဘူးတဲ့စိတ်ဒါဏ်ရာဟာ ဘဝတလျောက်အလွန် ဒုက္ခပေးတာမို့ပါ။ လင်မယား တွေအနေနဲ့လဲ ပြသာနာမှန်သမျှ ပွင့်ပွင့်လင်းလင်းပြောဆိုညှိနှိုင်းသင့်ပါတယ်။ ဘယ်အရာမှ မမြဲတဲ့ လောကမှာ သူက ကိုယ့်မချစ်တော့ရင်လဲ လက်ခံရမယ် သားသမီးအတွက်ရှင်သန်ရမယ်။ ချစ်ခြင်းရှိမှ ဘဝဟာနေပျော်တယ်ဆိုတာမျိုးက မှားယွင်းတယ်။ လောကဓံမှာ ဘယ်လိုပုံစံနဲ့မဆိုရှင်သန်နေရမယ် သေလောက်စရာလို့ ထင်ရတာတွေကိုရင်ဆိုင်ရင်း ရှင်သန်ရတာသတ္တိရှိဖို့လိုတယ်။

ဒါကြောင့်တယောက်ယောက်စိတ်ဓာတ်ကျအားငယ် depress ဖြစ်နေပြီဆို ကိုယ်သိသူဆို ကျွန်မ Messenger ကနေအမြဲ တိုင်ပင်ဆွေးနွေးပေးလေ့ရှိတယ်။ ကိုယ်ကိုယ်တိုင်ဆိုရင်လည်း တယောက်ယောက်ကိုပြောပြငိုယိုပြီး ပေါ့သွားတာပါပဲ။လာကနဲ့ ဟာမိုနီဖြစ်စွာ နေထိုင်ဖို့ဆိုရင် မာနမကြီးရဘူး သံသယမကြီးရဘူး အတ္တမကြီးရဘူး ပိုင်ဆိုင်ချင်စိတ်မကြီးရဘူး မမြဲခြင်းကိုလက်ခံနေထိုင်ရမယ် ကံကံ၏အကျိုးကိုယုံရမယ် ကိုယ့်ကိုယ်ကိုယ်ရော သူများကိုရော မေတ္တာထားတတ်ရတယ်။ 

ခုနvideoနဲ့ ကျွန်မရေးတာမသက်ဆိုင်ပါဘူး။ သိလဲမသိပါဘူး။ အကြောင်းရင်းလဲမသိပါဘူး။ ကျွန်မကြုံဖုးတဲ့ hanging caseပေါင်း များစွာကို သုံးသပ်ပြီး Negative thoughts တွေကို positiveဖြစ်အောင်ပြောင်းတတ်ကြဖို့လေးပါ လူတိုင်းမှာ စိတ်ထွက်ပေါက် recreationတွေလိုတယ်ဆိုတာလည်း တယောက်ကိုတယောက်နားလည်ဖန်တီး ပေးသင့်ပါတယ်။

မူးယစ်သေစာမှန်သမျှ ပျော်ရွှင် စရာဘဝတွေကို ဖျက်ဆီးတတ်တာမို့ စွဲလန်းသုံးမိတာမဖြစ်ဖို့လည်း ဆင်ခြင်သင့်ပါတယ် ကျွန်မတို့ဆွေနီးမျိုးစပ် ကလေးတယောက်လဲ သူ့မိန်းမနဲ့ ရန်ဖြစ်ပြီး အရက်တွေသောက်ပြီး တယောက်ထဲ ဆွဲကြိုးချသေသွားတာကြုံဖူးလို့ပါ။ ရခဲတဲ့လူ့ဘဝကြီးကို အဲ့လိုနည်းနဲ့တော့အဆုံးမသတ်စေချင်ဘူး။ ခံစားချက်ဆိုတာလည်း အချိန်နဲ့အတူပြောင်းနေတာမို့ အချိန်လေးတခုယူပြီး စိတ်ကို ကုစား သင့်ပါတယ်။

ကျွန်မတို့သေချင်ခဲ့တဲ့အကြောင်းအရာတွေက နှစ်များစွာကြာတော့ ဒါကိုသေချင်စရာလို့မမြင်တော့ပါဘူး။ ချစ်ခြင်းနဲ့ ပတ်သက်ရင်တော့ ကိုယ်ချစ်နေရင်ပြီးရော ဆိုတဲ့စိတ်မျိုးမွေးလိုက်ကတည်းက အချစ်ကြောင့်စိတ်ဆင်းရဲရတာမျိုး မရှိတော့သလောက်ပါပဲ။ ပြီးတော့ ယောက်ျားတွေစိတ်တကယ်ဖိစီးပြီဆို အသဲတကယ်နုတာမို့ ကျားကျားတွေစိတ်ဖိစီးရင် ကြောင်လေးလို ထွေးပွေ့နှစ်သိမ့်ဖို့လဲ လိုအပ်ပါကြောင်း.......

မေတ္တာဖြင့်

Dr.စိုးနန္ဒာထက်

 

 

 


11 Jun 2020     1,899 Views




RELATED

Most Popular of Special or Others

Most Popular of NEWS