BEC-TERO TV

YBS 40 ယာဉ်တိုက်မှုမှ ကျိုးပဲ့သွားသောမျှော်လင့်ချက်များ

13 Jun 2020     2,178 Views


စမ်းချောင်းမြို့နယ် ဝေဠုဝန် (၁)လမ်းအတွင်းရှိ ယိုင်နဲ့နဲ့ နှစ် ထပ်ပျဉ်ထောင်အိမ်တစ်လုံး၏ အပေါ်ထပ်တွင် ဧည့်သည်များဖြင့် ပြည့်နေ၏။

အားလုံး၏ မျက်နှာများမှာ မကောင်းကြ။ ထိုအထဲတွင်  အိမ်ခေါင်းရင်းဘုရားစင်အောက်တွင် ထိုင်နေသူ အိမ်ရှင်အမျိုးသမီးကြီးကတော့ ရောက်လာသည့် ဧည့်သည်တိုင်းအား ညှိုးငယ်ဖျော့ တော့သည့် လေသံဖြင့်ဧည့်ခံနေ သည်။

ဧည့်သည်များက သူ့ကို  က ရုဏာသက်သော အကြည့်များ ဖြင့် ဖေးမစကားပြောနေသော် လည်း အိမ်ရှင်ဒေါ်အေးအေးဝင်း ၏ စိတ်သည် စကားဝိုင်းတွင် ရှိ နေဟန်မတူ။ ဘုရားစင်အောက်ရှိ ဓာတ်ပုံနှစ်ပုံကိုသာ မျက်ရည် များဝေ့ကာ နီရဲမို့အစ်နေသည့် မျက်လုံးများဖြင့် ငေးစိုက်၍ကြည့် နေတတ်သည်။

‘‘သားနဲ့သမီးမရှိတော့ဘူးဆို တာ မယုံနိုင်သေးဘူး။ သူတို့ မရှိဘဲ ဘယ်လိုရပ်တည်နေရမလဲ တွေးလိုက်တိုင်း ရင်ထဲပူနေ တယ်’’ ဟု အသက် (၅၀)အရွယ် ဒေါ်အေးအေးဝင်းက ဆို့နစ်စွာ  ပြောသည်။

ယင်းဓာတ်ပုံနှစ်ပုံထဲကသူ များသည် သူ၏ ရင်နှစ်သည်းချာ  သားနှင့်သမီးပင်ဖြစ်ပြီး ဇွန်လ ၂ ရက်က ကမာရွတ်မြို့နယ် ဘုရင့်  နောင်လမ်းမတွင် စည်းကမ်းမဲ့  လမ်းပြောင်းပြန် မောင်းလာသည့် YBS (၄၀)ယာဉ် ဝင်တိုက်မိကာ ဆုံးပါးခဲ့ခြင်းပင်ဖြစ်သည်။

သားသမီး သုံးဦးရှိသည့်အ နက် အသက်(၂၉)နှစ်အရွယ်သမီး လတ်မနှင်းဝေနှင့် (၂၈)နှစ်အရွယ် သားငယ်မောင်ရဲနောင်ထွန်းတို့ မှာ မိသားစုစီးပွားရေးကို အဓိက  တာဝန်ယူနေကြသူများဖြစ်၍  ကျောက်ကပ်နှင့် နှလုံးရောဂါဝေ ဒနာသည် ဒေါ်အေးအေးဝင်းအ တွက် အားကိုးရာမဲ့ခဲ့ရပြီလည်း ဖြစ်သည်။

 

တက်ညီလက်ညီ ရှေ့သို့ချီ

ဒေါ်အေးအေးဝင်းတို့တွင် မိသားစုငါးဦးရှိပြီး သမီးကြီးဖြစ် သူမှာ အိမ်ထောင်ကျကာ အိမ်ခွဲ နေသည်။ ထို့ကြောင့် သမီးလတ် နှင့်သားငယ်နှင့်အတူ လေး ယောက်နေထိုင်ကြသည်။

သမီးဖြစ်သူ မနှင်းဝေသည် သီရိမင်္ဂလာဈေးတွင် နံနက်ပိုင်း ကွမ်းနှင့်ကွမ်းသီးများ ဖောက် သည်သွားယူပြီး မုန့်လက်ဆောင်း  ဈေးနှင့်ညဈေးတို့တွင် ပြန်လည် ရောင်းချသည်။ မောင်ရဲနောင် ထွန်းက လမ်းထိပ်တွင်  ကွမ်းယာ ဆိုင်ဖွင့်ပြီး တစ်ဖက်ကလည်း ဆိုက်ကားနင်းသည့် အလုပ်ကို လုပ်ကိုင်၏။

ဖခင်ဖြစ်သူဦးမောင်ဌေးက လည်း အငြိမ်မနေ။ သားသမီးနှင့် အတူ  ဝင်ငွေတစ်ဖက်တစ်လမ်းမှ ရအောင် ဆိုက်ကားနင်းပြီး ရှာ ဖွေသည်။ ထိုသို့ဖြင့် အိမ်ငှားခ စရိတ်၊ စားစရိတ်၊ ဒေါ်အေးအေး ဝင်းဆေးဖိုးနှင့် အကြောင်း ကြောင်းကြောင့် တင်နေခဲ့သည့်အကြွေးများကိုဆပ်ရင်းဖြင့် မိ သားစုလိုက် တက်ညီလက်ညီ  စီးပွားရှာလုပ်ကိုင်ခဲ့ကြသည်။

ထိုသို့  တက်ညီလက်ညီလုပ် ကိုင်လာရင်း အဆိုးထဲက အ ကောင်းဟု ဆိုရမည့်ဖြစ်ရပ်တစ်ခု ဖြစ်လာတော့သည်။ အဆိုးမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 မြန်မာနိုင်ငံသို့ ရောက်လာခြင်း ဖြစ်ပြီး ထိုသို့ရောက်လာပြီး တစ် ဖက်တွင် သူတို့အတွက် ကံ ကောင်းခြင်းပါ ပါလာခဲ့လေသည်။

‘‘ကိုဗစ်ဖြစ်ပြီးတော့ ကွမ်း ဈေးတွေကလည်း ကျသွားတယ်။ အဲဒီမှာအရောင်းအဝယ် ပို ကောင်းလာတာ။ ဖောက်သည် တွေလည်းများလာတယ်။ အဲဒီမှာ စီးပွားတောက်လျှောက်တက်လာ တာ’’ ဟု မနှင်းဝေနှင့် မောင်ရဲ နောင်ထွန်းတို့၏ဖခင် ဦးမောင် ဌေးက ပြောသည်။

နံနက် ၄ နာရီခွဲခန့်တွင် စီးနေကျ တက္ကစီက အိမ်အထိလာ ခေါ်ကာ မောင်နှမနှစ်ယောက် သီရိမင်္ဂလာဈေးသို့ သွားသည်။   ဈေးတွင် ရောင်းချမည့် ကွမ်းယာ ပစ္စည်းများဝယ်ကာ နံနက် ၆နာရီ ခန့်တွင်အိမ်သို့ပြန်ရောက်သည်။ ထို့နောက် ပြန်ရောင်းရန် ဝယ်လာ သည့် ပစ္စည်းများကို မိသားစုလိုက် ပြင်ဆင်ထုပ်ပိုးပြီး ပြန်လည် ရောင်းချတော့သည်။  

‘‘ရောင်းအားတွေတက်လာ တော့ သမီးကြီးက အမေတို့စိတ် မပူနဲ့၊ အကြွေးတွေကျေအောင် ဆပ်ပေးမယ်၊ အိမ်ပိုင်နဲ့ နေနိုင် အောင် ကြိုးစားမယ်လို့ အားပေး စကားပြောတယ်’’ ဟု ဒေါ်အေး အေးဝင်းက ဆိုသည်။

ထိုသို့ စည်းစည်းလုံးလုံး  တက်ညီလက်ညီ လုပ်ကိုင်ခဲ့ကြ သဖြင့် ဒေါ်အေးအေးဝင်းတို့မိသားစုစီးပွားရေးမှာလည်း တက်လာ ခဲ့ပြီး ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့ရကြောင်း ဦးမောင်ဌေး က ပြန်ပြောပြသည်။

‘‘သမီးကြီးမှာ ရည်ရွယ်ချက် တစ်ခုရှိတယ်။ လက်ရှိက ခုံလေး ခင်းပြီးရောင်းနေရတာ သူမကျေ နပ်ဘူး။ ကိုယ်ပိုင်ဆိုင်ခန်း၊ တိုက် ခန်းနဲ့ ရောင်းနိုင်အောင်လုပ်မယ် လို့တဖွဖွပြောလေ့ရှိတယ်’’ ဟု  သူက ပြန်ပြောပြသည်။

 

ကျိုးပျက်ခဲ့ရတဲ့ မိသားစုအိပ်မက်  

ထိုသို့ ပျော်ရွှင်ရသည့်ကာလ များမှာ ကြာကြာမခံပေ။ ဇွန်လ ၂ ရက်တွင်တော့  အထက်တွင်ဖော် ပြခဲ့သည့်အတိုင်း သူတို့မိသားစု ဘဝထဲ ကံကြမ္မာဆိုး ဝင်ရောက် လာခဲ့လေသည်။  

ထိုနေ့မနက်က ပုံမှန်အတိုင်း  မောင်နှမနှစ်ယောက် သီရိမင်္ဂလာ ဈေးသို့ ဈေးဝယ်ထွက်သွားပြီး ပြန်ရောက်ချိန်တွင် ရောက်မလာ သည့်အတွက် ဦးမောင်ဌေးတစ် ယောက်စိတ်တထင့်ထင့်ဖြစ်နေခဲ့ သည်။

ထိုသို့နေရင်း ခရီးသည် တစ်ယောက်အား ဆိုက်ကားဖြင့် လိုက်ပို့ပေးပြီး အပြန်တွင်  အသိ တစ်ယောက်က ဖေ့စ်ဘွတ်ခ်ပေါ် တွင်ပြန့်နေသည့် YBS(၄၀)ယာဉ် က တက္ကစီတစ်စီးအားတိုက်မိ၍ တက္ကစီပေါ်တွင် ပါသူသုံးဦးလုံး  ပွဲချင်းပြီး သေဆုံးသွားသည်ဆို သည့်သတင်းပြောပြ၍ ဦးမောင် ဌေး၏စိုးရိမ်စိတ်က အထွတ်အ ထိပ်သို့ ရောက်သွားတော့သည်။

ထို့ကြောင့် ဆိုက်ကားအား ပစ်ထားပြီး ကားတစ်စီးငှားကာ  အခင်းဖြစ်ရာနေရာသို့အားချင်း သွားရောက်ခဲ့သည်။ သူရောက်ရှိ  ချိန်တွင် ယာဉ်တိုက်မှုဖြစ်သည့်  ကားများကို ရှင်းလင်းထားပြီးဖြစ် ၍ ပတ်ဝန်းကျင်ရှိသူများကိုသာ  လိုက်လံမေးမြန်းသည်။

ကားနောက်ခန်းတွင် အမျိုး သားနှင့်အမျိုးသမီးနှစ်ဦးလိုက်ပါ ခဲ့ခြင်း၊ တက္ကစီယာဉ်၏နောက်ခန်း တွင် ကွမ်းယာခြင်းများပါခြင်း စသည့်စကားများကြောင့် သေ ဆုံးသူမှာ သမီးနှင့်သားဖြစ်သူတို့ ဖြစ်ရန် နီးစပ်သော်လည်း ဦး မောင်ဌေး လက်မခံနိုင်သေးဘဲ မဟုတ်ပါစေနဲ့ဟုသာ တဖွဖွဆု တောင်းနေခဲ့သည်။

ထို့နောက် အနီးရှိယာဉ် ထိန်းရုံးမှတစ်ဆင့် သေဆုံးသူများ ထားရှိရာ  ရေခဲတိုက်သို့ သွား ရောက်ကြည့်ရှုရာတွင် ဦးမောင် ဌေး၏  ဆုတောင်းမပြည့်တော့ ပေ။

‘‘ကျွန်တော်တို့မိသားစု ပျော် ရွှင်ခွင့်ရတဲ့အချိန် ဘယ်လောက် မှတောင်မကြာလိုက်ဘူးဗျာ’’ ဟု ဦးမောင်ဌေးတစ်ယောက် တုန်  ရီသောအသံဖြင့် ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် မှာ လူမူကွန်ရက်တွင် အလျင်အ မြန်ပျံ့နှံံံ့သွားပြီး YBS ယာဉ်များ၏  စည်းကမ်းမဲ့မှုအပေါ် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ သည်။ YBS ယာဉ်မောင်းမှာ အ ခင်းဖြစ်နေရာမှ ထွက်ပြေးသွား ခဲ့သည်။

 

ဘေးကင်းကြပါစေ တောင်းဆုချွေ

မနှင်းဝေတို့ မောင်နှမနှင့်  တက္ကစီယာဉ်မောင်းတို့ အသက် သေဆုံးခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင် သွားသည့် YBS ယာဉ်မောင်းကို ဘားအံမြို့နယ်၌ ရဲတပ်ဖွဲ့က  ဇွန်လ ၆ ရက်တွင် ဖမ်းမိထားပြီ ဖြစ်သည်။

အဆိုပါ YBS ယာဉ်မောင်း အား ဖမ်းမိသည့်သတင်းကို  ဒေါ် အေးအေးဝင်းတို့မိသားစုလည်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သိရှိထား ပြီဖြစ်သော်လည်း ၎င်းနှင့် မျက် နှာချင်းဆိုင်တွေ့ဆုံလိုသည့် ဆန္ဒ မရှိသေးဟု ဖခင်ဖြစ်သူဦးမောင် ဌေးက ဆိုသည်။

‘‘သွေးပူနေတဲ့အချိန်ဖြစ်နေ တာကြောင့် သူနဲ့တွေ့ဖြစ်ရင်  ဘာလုပ်ဖြစ်မယ် မပြောနိုင်ဘူး။ သူ့အပေါ်သဘောထားကို ကျွန် တော်တို့အနေနဲ့ ပြောဖို့ခက်နေ သေးတယ်’’ဟု ဦးမောင်ဌေးက  အနည်းငယ် တင်းမာသောအ သံဖြင့် ဆိုလေသည်။

လက်ရှိအချိန်တွင် ဦးမောင် ဌေးတို့မိသားစု အလိုရှိဆုံးစိတ် ဆန္ဒကတော့ ၎င်းတို့မိသားစုလို  အခြားသူများ မကြုံတွေ့စေလို ခြင်းပင် ဖြစ်သည်။

‘‘ကျွန်တော်တို့လို မဖြစ်ရ အောင် တာဝန်ရှိသူတွေက ယာဉ် မောင်းတွေကို ကြပ်ကြပ်မတ်မတ် လုပ်ပေးပါ’’ဟု ဦးမောင်ဌေးက  အင်တာဗျူးပြုလုပ်နေစဉ်အတွင်း  ယင်းစကားကို ငါးကြိမ်ထက် မနည်း ထပ်ခါတလဲလဲ ပြောသည်။

ဒေါ်အေးအေးဝင်းကလည်း နာရေးသတင်းလာမေးသည့် ဧည့်သည်များ နှုတ်ဆက်ပြန်သွားသည့် အခါတိုင်းလည်း ညှိုးငယ်သော မျက်နှာဖြင့် ယခုလို စိုးရိမ်တကြီး နှုတ်ဆက် ဆုတောင်းပေးနေတော့သည်။

‘‘သတိထား ပြန်ကြပါနော်။ အသွားအလာ ဂရုစိုက်ကြပါ။  ဘေးကင်းကြပါစေ’’

 

 

 


13 Jun 2020     2,178 Views




RELATED

Most Popular of Special or Others

Most Popular of NEWS