BEC-TERO TV

တောင်ငူမြို့ လူသတ်မှုမှ သားအဖ နှစ်ဦး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ပြင်ဆင်ချက် တောင်းခံ

18 Jun 2020     1,324 Views


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ရန်ကုန်-မန္တလေး လမ်းဟောင်းနံဘေး လူမြင်ကွင်း၌ ရန်ကုန်မြို့နေ လင်မယားနှစ်ဦးအား ကေတုမတီမြို့သစ်နေ သားအဖနှစ်ဦးက ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းရိုက် သတ်ခဲ့သောအမှုမှာ  စွဲချက်တင်အမိန့် ချမှတ်ပြီး ဖြစ်သော်လည်း အမှုမှပြစ်ဒဏ်မှာ များလွန်းသည် ဟုဆိုကာ စွပ်စွဲခံရသူများဘက်က ပြည်တော်စု တရားလွှတ်တော်ချုပ်ထံ အမှုပြင်ဆင်ချက် တောင်းခံထားဆဲ အဆင့်သာ ရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။

 

ယင်းအခြေအနေနှင့် ပတ်သက်ပြီး တရားလို မြို့သစ်နယ်မြေ ရဲစခန်းမှူးဟောင်း ဒုရဲမှူးအောင်လင်းက “အဲဒါက စွဲချက်တင်တာ ၃၀၂ (၂) နဲ့ စွဲချက်တင်တော့ တရားခံဘက်က ဖအေရော သားရောက ပြစ်ဒဏ်များတယ်လို့ ယူဆပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံတင်ထားတယ်။ ပြင်ဆင်တင်တာပေါ့။ အဲဒါကို ပြင်ဆင်ပေးဖို့ တင်တာပေါ့။ စွဲချက်အမိန့်က ချပြီးပြီ။ အဲဒါကို တိုင်းတရား လွှတ်တော်ချုပ်က အတည်ပြုတယ်။ တိုင်းတရား လွှတ်တော်ချုပ်က အတည်ပြုတာကို တရားခံဘက်က ပြစ်ဒဏ်များတယ်လို့ ယူဆပြီးတော့ ရဲဝင်းအတွက်ကတော့ ပြဿနာမရှိဘူးတဲ့၊ ဖအေအတွက်က ပြစ်ဒဏ်များတယ်လို့ ယူဆတဲ့အတွက် အဲဒါ သားအဖ နှစ်ယောက်စလုံးကို ၃၀၂ (၂) နဲ့စွဲချက်တင်ထားတဲ့ဟာကို ပြင်ဆင်ပေးဖို့ ဆိုပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပြန်တင်တာပေါ့။ အမိန့်ချဖို့က လိုသေးတယ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အခုထိက တောင်ငူခရိုင် တရားရုံးကို ပြန်မရောက်သေးဘူး” ဟု ပြောကြားသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်က ကေတုမတီမြို့ မြို့သစ်နယ် မြေရဲစခန်းအပိုင် မင်းကြီးဆွေရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနံဘေး လူမြင်ကွင်း၌ ရန်ကုန်မြို့နေ လင်မယား နှစ်ဦးဖြစ်သည့် ဦးစိုးလင်းသန်း (ဗိုလ်မှူး-ငြိမ်း)၊ ၎င်း၏ဇနီး ဒေါ်ချောစုစုလင်းတို့အား ကေတုမတီမြို့သစ် မင်းကြီးဆွေ ရပ်ကွက်နေ ဦးရဲဝင်းနှင့် ၎င်း၏ဖခင် ဦးတိုးကြည်တို့က ဓာတ်တိုင်ကြွေသီးဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူ ဦးရဲဝင်းနှင့် ဦးတိုးကြည်တို့အား တောင်ငူခရိုင် တရားရားရုံး၌ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ အမှုစစ်ဆေးစဉ် ကာလအတွင်း တရားရုံးတွင် စစ်ဆေးနေသော စွဲချက်တင်ပုဒ်မများ အပေါ်၌ တရားလိုဘက်က ပြစ်ဒဏ်နည်းသည် ဟူ၍လည်းကောင်း၊ စွပ်စွဲခံရသူ ဘက်ကလည်း ပြစ်ဒဏ်များသည် ဟူ၍လည်းကောင်း ယူဆကာ ပဲခူးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်သို့ အမှုအား ပြင်ဆင်ပေးရန် ပထမအဆင့် ပြင်ဆင်မှု တက်ပြီးနောက် အမှုအား ပုဒ်မ ၃၀၂ (၂)ဖြင့် စစ်ဆေးရန် တောင်ငူခရိုင် တရားရုံးက စွဲချက်တင်အမိန့် ချမှတ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကလည်း ၎င်းအမိန့်ကို အတည်ပြုခဲ့သည်။

ယင်းအမှုမှ စွပ်စွဲခံရသူ သားအဖနှစ်ဦးအား တောင်ငူခရိုင်တရားရုံးက စွဲချက်တင် စစ်ဆေးနေသော ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အပြင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့်လည်း တောင်ငူမြို့နယ် တရားရုံး၌ စစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းအမှုအား အခင်းဖြစ်ပွားပြီးနောက် တောင်ငူခရိုင် မှုခင်းတပ်ဆွယ်က လွှဲပြောင်းလက်ခံ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်း ဖြစ်သည်။

 

 


18 Jun 2020     1,324 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS