BEC-TERO TV

လားရှိုးမြို့နယ် မတ်ချီးနုကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှတရားခံအား ဖော်ထုတ်နိုင်ခဲ့

19 Jun 2020     1,429 Views


ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စုရှိ မတ်ချီးနုကျေးရွာအနီးကားလမ်းဘေးချုံပုတ်အတွင်း
ပုတ်ပွသေဆုံးနေသော အမျိုးသမီး(၂)ဦးအား သတ်ခဲ့ပြီးအလောင်းဖျောက်ဖျက်ခဲ့သူအား လားရှိုးမြို့မှ ရဲတပ်ဖွဲ့၀င်များ၏
ကြိုးစားဖော်ထုတ်မှုအရ ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး တရားခံမှာလည်း၄င်းကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟုသိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့နယ် မတ်ချီးနုကျေးရွာအုပ်စု မတ်ချီးနုကျေးရွာနှင့် (၅)မိုင်ခန့်အကွာ အရှေ့မြောက်ဘက်သင်္ချ ိုင်းကုန်းသွားလမ်းဝဲဘက် ချုံတောထဲတွင် အမည်မသိအမျိုးသမီး(၂)ဦးအား ခြေလက်များကို နိုင်လွန်ကြိုးအဖြူဖြင့်တုတ်လျက် သေဆုံးနေသည်ကိုတွေ့ရှီရပြီး ၄င်းတို့အနီးတွင်လည်း အနီရောင်ခေါင်းအုံး(၁)လုံး၊ အညိုရောင်စောင်(၁)ထည်၊အနီရောင်မွေ့ယာ(၁)ခုကိုလည်းတွေ့ရှိရသည်ဟု ၂၀၂၀ ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျေးရွာတာ၀န်ရှိသူက လားရှိုးနယ်မြေရဲစခန်းသို့လာရောက်သတင်းပို့ရာမှ စတင်ခဲ့သည်။

သေဆုံးနေသည့် အလောင်းများအား လားရှိုးမြို့မှ လူမှုကူညီရေးကားများဖြင့်လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့အပ်နှံခဲ့ပြီး ဒုရဲအုပ်သိန်း၀င်းထွန်းမှ တရားလိုပြုလုပ်ကာ တိုင်တန်း၍အမှု့ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။ ထို့နောက်လားရှိုးမြို့မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ၊ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီးပြီး နယ်မြေရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟိန်းဇာနည်ထွန်းအပါအ၀င် ရဲတပ်ဖွဲ့၀င်များက မသင်္ကာသူများအားစုံစမ်းထောက်လှမ်းခဲ့ပြီး မသင်္ကာသူ(၄)ဦးအား ခေါ်ယူစစ်ဆေးခဲ့သည်ဟု ရဲတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပြသည်။

ထို့သို့စစ်ဆေးဆောင်ရွက်ခဲ့ရာမှ မသင်္ကာတရားခံတစ်ဦးဖြစ်သူ ချစ်ကို(ခ)ပိုင်စိုးအောင် ၊အသက်(၃၂)နှစ် ယာဉ်မောင်း ရပ်ကွက်(၉)၊နယ်မြေ(၉)နေသူအား စစ်ဆေးခဲ့ရာ ၄င်းသည် လွန်ခဲ့သော(၃)နှစ်ခန့်ကစ၍ မန်ဆူကားဂိတ်တွင် အဌားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေစဉ် သေဆုံးသူ ဒေါ်.......မှ ပဲခူးမြို့သို့ သွားရောက်ရန်ကားဌားခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့(၂)ဦးအလွန်အမင်းရင်းနှီးခဲ့ပြီး ချစ်ကိုမှာ အဌားယာဉ်မောင်းအဖြစ်မှ ကိုယ်ပိုင်ယာဉ်ဖြင့်သာ ခရီးစဉ်များပြေးဆွဲခြင်းလုပ်ငန်းဆက်လက်လုပ်ကိုင်ခဲ့သည်ဟုသိရသည်။ ထို့သို့ရင်းနှီးဆက်ဆံမှုများလာချိန်တွင် ဒေါ်....... မှ ၄င်းကိုတရား၀င်လက်ထပ်ပေါင်းသင်းရန် ချစ်ကိုအား မကြာခဏပြောဆိုခဲ့သည်ဟုသိရသည်။ ထို့အပြင် ဒေါ်......မှာ ချစ်ကို၏နေအိမ်အရှေ့သို့ မကြာခဏရောက်လာပြီး ဆူပူအော်ဟစ်ပြောဆိုခြင်းများလည်းရှိခဲ့သည်ဟုဆိုသည်။

အမှုဖြစ်ပွားမည့် ရက်မရောက်မီ ၂၀၂၀ ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ချစ်ကိုသည် ရပ်ကွက်(၉)နေအိမ်မှတစ်ဆင့် MDY-6E/4964 Wish အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ဒေါ်...... နေထိုင်ရာ ရပ်ကွက်(၁၂)၊နယ်မြေ(၇) ဟက်ကာလမ်းရှိနေအိမ်သို့ သွားရောက်ကာ လက်ဘက်ရည်သောက်မည်ဟုခေါ်ဆောင်ကာ ကုန်စုံဆိုင်တစ်ခုမှ Blue Mountain တံဆိပ်လိမ္မော်ရည်(၄)ဗူးနှင့် ရေသန့်(၁)ဗူးအား ၀ယ်ပြီးပြီး ဒေါ်......၏ ညီမ၀မ်းကွဲ ဖြစ်သူ သေဆုံးသူနောက်တစ်ဦးဖြစ်သည့် နန်းလောင်ခမ်း အား ဖုန်းဆက်ကာ သွားရောက်ခေါ်ဆောင်၍ ရေကန်တောင် ကန်အမှတ်(၁၄)သို့သွားရောက်ခဲ့သည်ဟုသိရသည်။


ထို့နောက် ချစ်ကိုမှ သေဆုံးသူ(၂)ဦးမရှိချိန်တွင် အချိုရည်(၂)ဗူးအတွင်းသို့ အသင့်ယူဆောင်လာသည့် အိပ်ဆေး(၁၀)လုံးစီအားကြိတ် ထည့်ကာ သေဆုံးသူ(၂)ဦးအား တိုက်ခဲ့သည်။ ထို့နောက် ကားလေအေးပေးစက်နှင့် သီးချင်းဖွင့်ထားစဉ် သေဆုံးသူ(၂)ဦးအိပ်ပျော်သွားခဲ့ရာမှ ကားထဲတွင်အသင့်ယူဆောင်လာသည့် နိုင်လွန်ကျစ်ကြိုးဖြင့် သေဆုံးသူ(၂)ဦးအား တုတ်နှောင်ကာ ပါးစပ်များကိုလည်း တိတ်အကြည်ဖြင့် ပိတ်ထားခဲ့ပြီး ကားမှန်များအလုံပိတ်၍ ကားစက်ရပ်ကာ ချစ်ကိုက အနီးနားတွင်လမ်းလျှောက်နေခဲ့သည်ဟု ထွက်ဆိုသည်။

ထို့ကဲ့သို့ပြုလုပ်ပြီး (၃)နာရီခန့်ကြာသောအချိန်တွင် ကားတံခါးအားပြန်လည်ဖွင့်ကြည့်စဉ် ဒေါ်....... နှင့် နန်းလောင်ခမ်းတို့မှာ အသက်မရှုတော့ပဲ ငြိမ်သက်နေသည်ကိုတွေ့ရသဖြင့် အမှန်တစ်ကယ် သေဆုံးနေခြင်းရှိမရှိကို ပိတ်ထားသည့် တိတ်အားဖွင့်လှစ်ကာ ကြည့်ရှု့စဉ် အမှန်တစ်ကယ်သေဆုံးနေကြောင်းတွေ့ရသည်ဟု တရားခံချစ်ကိုမှ ရဲတပ်ဖွဲ့သို့ထွက်ဆိုသည်။

ထို့နောက်သေဆုံးနေသူ(၂)ဦးအား စွန့်ပစ်ရန်လူသူအရောက်အပေါက်နည်းသည့် မတ်ချီးနုကျေးရွာကားလမ်းဘေးရှိ ခြုံပုတ်အတွင်းသို့ပစ်ထားခဲ့ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်းနှင့်ကားပေါ်တွင်ပါလာသော အနီရောင်ခေါင်းအုံး(၁)လုံး၊
အညိုရောင်စောင်(၁)ထည်၊အနီရောင်မွေ့ယာ(၁)ခုကိုလည်းလွှင့်ပစ်ခဲ့ကြောင်း၊ သေဆုံးသူအလောင်းများတွေ့ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်တွေ့ရှိခဲ့သော်လည်း ဟန်မပျက်နေထိုင်ခဲ့ပြီး ဇွန်လ(၁၆)ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခံရပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ခြင်းဖြစ်သည်ဟု လားရှိုးနယ်မြေရဲစခန်းတွင် တရားခံ၏ထွက်ဆိုချက်အရသိရသည်။

အမှုမှ ပြစ်မှုကျူးလွန်သူတရားခံ ချစ်ကို(ခ)ပိုင်စိုးအောင်အား တရားစွဲတင်ပို့နိုင်ရေးအတွက် လားရှိုးနယ်မြေရဲစခန်းမှ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

 

 


19 Jun 2020     1,429 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS