BEC-TERO TV

အသက်ရှုခြင်း နည်းပညာ

26 Jun 2020     2,083 Views


“သင် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင် ဘယ်လို ဖြေကြမလဲပဲနော်။ အသက်ရှူတာပဲ မွေးကတည်းက ရှူလာတာ၊ ရှူတတ်တာပေါ့..၊ ဘာ လာကြောင် နေတာလဲ ဆိုပြီး ပြန်ပြောကြလိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တိတိ ကျကျ ထပ်ပြီး မေးပါဦးမယ်။

“သင် နည်းစနည်မှန်မှန် အသက်ရှူတတ်ပါရဲ့လား”


ဒီလို မေးရင်တော့ အနည်းငယ် စဉ်းစား သွားပါလိမ့်မယ်။ အသက်ရှူတာ နည်းစနစ်လို့သေးလို့လား။ ဒီလိုပဲ နှာခေါင်းက ရှူချင်ရှူမယ်၊ ပါးစပ်နဲ့ ရှူချင်ရှူမယ်၊ အဆန်းလုပ်ပြီး လျှောက်မေးနေတာလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ အသက်အပြည့်အ၀ရှူပြီး ကိုယ်ခန္ဓာ နွမ်းနယ်ပင်ပန်းမှုတွေကို ချက်ချင်းပြေပျောက်စေတဲ့ နည်းစနစ် အမှန် တကယ်ရှိပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုနည်းတဲ့ သူတွေ အနေနဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုးကို သိထားသင့်ပါတယ်။ Time Saving Idea စာစောင်ထဲမှာ ဖော်ပြထားတဲ့ အချိန်မကုန် မပင်ပန်းဘဲ ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ တင်ပြထားချက်တွေကို အခြေခံပြီး ရေးသားတင်ပြပေးပါ့မယ်။


ဒီအသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အစာမကြေ ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး၊ အလုပ်ခွင်မှာ ပင်ပန်းသမျှတွေကို ယူပစ်လိုက်သလို ချက်ချင်းသိသာ ပြေပျောက်စေနိုင်တယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မကုန် ငွေမကုန်တဲ့ အပြင် အင်မတန်ရိုးရှင်း လွယ်ကူတဲ့အတွက် မည်သူမဆို ဆောင်းပါးလေးကို ဖတ်ပြီး လုပ်ဆောင်လိုက်ပါ။


လူ့ခန္ဓာကိုယ်ဟာ အဟာရနဲ့ အောက်စီဂျင်တို့ ပေါင်းစပ်ပြီး ဆဲလ်အသစ်တွေ မွေးဖွားရင်း၊ ဆဲလ်အဟောင်းတွေ သေဆုံးရင်းနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်အတွက် အစားအစာ အဟာရကို ဦးစားပေး စားသုံးတတ်ကြပါတယ်။ အဟာရ ဖြစ်စေမယ့် အစားအစာကို ရွေးချယ် စားသုံးကြတာ အများစုပါ။ သို့ပေမယ့် အဟာရချည်း ပြည့်စုံနေလို့ မဖြစ်ပါ။ အောက်စီဂျင်လည်း အချိုးညီညီ ပါဝင်ဖို့ လိုပါတယ်။ သို့မှသာ အဟာရနဲ့ အောက်စီဂျင် အပြန်အလှန် အကျိုးပြု ထောက်ပံ့ပေးပြီး ညီညွတ်မျှတတဲ့ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ် ဖြစ်လာမှာပါ။


လူတွေဟာ သွားလာလှုပ်ရှား လုပ်ကိုင်နေကြပေမယ့် အသက်ရှူတဲ့အခါမှာတော့ အပြည့်အ၀မရှူကြပါဘူး။ အသက် အပြည့်အ၀ မရှူတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း အပြည့်အ၀ မရပေဘူးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်လျက်သော်လည်းကောင်း၊ ရပ်လျက်သော်လည်းကောင်း အလုပ်လုပ်နေမယ်၊ အသက်လည်း အပြည့်အ၀မရှူနိုင် ဖြစ်နေမယ် ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ သွေးထဲဝင်ရောက်လာပြီး လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ တနည်းအားဖြင့် အောက်စီဂျင် နည်းပါးသွားတာကြောင့် နွမ်းလျသွားတာပါ။ ခေါင်းကိုက်မယ်၊ ဇက်ကြောထိုးမယ်၊ မအီမသာ ဖြစ်မယ် စသဖြင့် ခံစားလာရတော့တာပဲ။ အဲဒီမှာ ဘာဖြစ်မှန်း မသိဘူး ဆရာရယ် ဆိုပြီး ဆရာဝန်ထံ သွားပြရတော့တာပဲ။ ဒီလို ဖြစ်ရတာဟာ အောက်စီဂျင် မပြည့်ဝလို့၊ အောက်စီဂျင် လိုအပ်လို့ပါ။ လူဟာ အိပ်ပျော်နေတဲ့ အချိန်မှာပဲ အသက်ကို ပြည့်ပြည့်၀၀ ရှူကြပါတယ်။ နိုးထနေချိန် တွေမှ အပြည့်အ၀ အသက်ရှူတာ မရှိသလောက်ပါ။


အထူးသဖြင့် အားကစား မလုပ်ဘဲ တခြားအလုပ်တွေ လုပ်ကိုင်နေချိန်မှ လူ့ အဆုတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက်ပဲ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ကြပါတယ်။ အားကစား လုပ်နေသူ တွေကတော့ ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှူထုတ် ရှူသွင်းပြုလုပ်ပါတယ်။ အိပ်နေတဲ့ အချိန်မှာတော့ ၉၀ ရာခိုင်နှုန်းက နေ ၉၅ ရာခိုင်နှုန်းလောက် အထိ အသက်ရှူပါတယ်။ လူသားနဲ့ သက်ရှိတွေအတွက် ကံကောင်းတာက သစ်ပင်တွေက နေ့ခင်းမှာ ကာဗွန်ကို စားသုံးပြီး ညခင်းပိုင်းမှာ အောက်စီဂျင်တွေ ပြန်လည်ထုတ်လွှတ်ပေးနေတာပါ။


အခု ဆက်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ အကြောင်း ဆက်လက်တင်ပြပါ့မယ်။ အဆုတ်ထဲကို လေအပြည့်အ၀ ရောက်ရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ၅ မိနစ်ကနေ ၁၅ မိနစ်လောက် ရရင်ပဲ အဆင်ပြေပါတယ်။ လမ်းသွားရင်း၊ ကားစီးရင်း၊ ကုလားထိုင်ပေါ် ထိုင်ရင်း၊ အိပ်ရာပေါ် ပက်လက်လှန်လှဲအိပ်ရင်း ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ အကောင်းဆုံးကတော့ လက်တင်ပါတဲ့ ကုလားထိုင် (Arm Chair) ပေါ်မှာ (သို့မဟုတ်) ပြင်ညီကြမ်းပြင် (ဆိုဖာပေါ်မှာ မဟုတ်) ပေါ်မှာ လေ့ကျင့်ခြင်းပါ။ ပထမဆုံး လက်တင်ပါတဲ့ ကုလားထိုင် ပေါ်မှာ လေ့ကျင့်ဖို့ အတွက် အရင်ပြောပါမယ်။


လက်တင်ပါ ကုလားထိုင်ပေါ် သက်တောင့်သက်သာ အရှိဆုံး အနေအထားအတိုင်း ထိုင်ပါ။ လက်နှစ်ဖက်ကို တန်းပေါ် တင်၊ ခြေထောက် တွေကို ရှေ့ကို ဆန့်ထား၊ ခေါင်းကို နောက်မှီတန်းပေါ် အနည်းငယ် မော့ပြီးတင်၊ နောက်စေ့နဲ့ ချိတ်ထား၊ မျက်နှာကို ရှေ့သို့ တည့်တည့်ထား၊ မျက်လွှာကို ပိတ်၊ ခါးကို ဆန့်၊ ပုံမှန် အသက်ရှူ၊ ခေါင်းကို ဟိုဘက် နည်းနည်း ဒီဘက် နည်းနည်း လှုပ်ပေးပြီး အသက်ရှူ လေ့ကျင့်ခန်း စပါ့မယ်။ ထူးထူး ဆန်းဆန်းကြီး မဟုတ်ပါ။ လေကို နှာခေါင်းနဲ့ တဖြည်းဖြည့်ချင်း ရှူသွင်းပါ။ အဆုတ်ထဲပြည့်အောင် ရှူသွင်းပါ။ အဆုတ်ထဲ နောက်ထပ် လေတစ်စက်မှ ထပ်ရှူသွင်းလို့ မရတော့တဲ့ အထိ ရှူသွင်းပါ။ အဆုတ်ထဲမှာ လုံးဝပြည့်နေတဲ့ပြီ ဆိုရင် ချက်ချင်း ပြန်မထုတ်သေးဘဲ ခေတ္တ အောင့်ထားပါ။ အောင့်နိုင်သလောက် အောင့်ထားပါ။ လုံး၀ မအောင့်နိုင်တဲ့ အထိ အောင့်ထားပါ။ မအောင့်နိုင် တော့တဲ့ အခါကျမှ ပါးစပ်က တဖြည်းဖြည်းချင်း လေကို ပြန်ထုတ်ပါ။ အဲဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းကို အချိန်ရသလောက်၊ လုပ်နိုင်သလောက် အကြိမ်ရေအထိ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ရှူသွင်းတဲ့ အချိန်၊ အောင့်ထားတဲ့ အချိန်နဲ့ ရှူထုတ်တဲ့ အချိန်၊ ရှူထုတ်ပြီး အောင့်ထားတဲ့ အချိန်တွေ ညီနေရင် အကောင်းဆုံးပါ။ ဆိုပါတော့ အသက်ရှူသွင်းတဲ့ အခါမှာ စိတ်ထဲကနေ ၁.၂.၃….. စသဖြင့်ရေတွက်ကြည့်ပါ..။ ၁၅ ရတယ် ဆိုပါစို့။ အသက်ရှူပြီး အောင့်ထားတဲ့ အချိန်ဟာလည်း ၁၅ အထိရဖို့၊ အသက်ပြန်ရှူထုတ် တဲ့အခါမှာလည်း ၁၅ အထိ ရဖို့ပါ။ ရှူထုတ်ပြီး အောင့်ထားရင် လည်း ၁၅ ရဖို့ပါပဲ။ အဲဒီလိုနဲ့ ၁၅ ၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး အရှိန်မြှင့် လုပ်နိုင်ပါတယ်။


ဒီလို အသက်ရှုနည်းကို လေးဘက်ညီ အသက်ရှူခြင်း အနုပညာလို့ ခေါ်ပါတယ်။ အများအားဖြင့် ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကို သာ အများစုက သိမြင်ကြပါတယ်။ ရှူသွင်းပြီး အချိန်နဲ့ ရှူထုတ်ပြီး အချိန်ကို သတိမမူမိ၊ မသိကြပါဘူး။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ အဆုတ်ထဲမှာ ပြည့်ဝများပြားနေရင် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မယ် မဟုတ်လား။ ရှူသွင်းချိန်၊ အောင့်ထားချိန်၊ ရှူထုတ်ချိန်၊ အောင့်ထားချိန် တွေ ညီနေရင် အကောင်းဆုံး အသက်ရှူလေ့ကျင့်ခန်းပါပဲ။ အဲဒီလို ရှူတော့ ဘာတွေ ရမလဲ၊ ဘာတွေ ဖြစ်မလဲ ဆိုတော့ .. ပထမဆုံး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံး ပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းနေတာကို တဖျင်းဖျင်း ခံစားရပြီး သိနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေရင်း အလွန်ပေါ့ပါး အလွန်လန်းဆန်းသွား လိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ အချိန်ရရင် စမ်းသပ်ကြည့်ဖို့၊ အချိန်ရရင် ရသလို လေ့ကျင့်ကြည့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါရစေ။


အလုပ်က ပြန်လာပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ ဒုတိယ ဖော်ပြမယ့် အနေအထားကို အသုံးပြုနိုင်ပါတယ်။ ဆိုဖာ သို့မဟုတ် အောက်ခင်း ထူထူမပါတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အိပ်လိုက်ပါ။ ခေါင်းအုံးနဲ့ အခြား အခုအခံ ဘာမှ မသုံးပါနဲ့။ ခန္ဓာကိုယ်ကို ဆန့်နိုင်သမျှဆန့်ပါ။ ဖြောင့်နိုင်သမျှ ဖြောင့်ဖြောင့်ထားပြီး၊ အထက်က ပြောခဲ့သလို လေးဘက်ညီ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်ပါ။ ညီညွှတ်မျှတခြင်းဟာ အနုပညာမှာ အရေးကြီးပါတယ်။ အဲဒီလိုပဲ ကျန်းမာကြံ့ခိုင်ရေးနဲ့ အသက်ပြည့်ပြည့်၀၀ ရှူပြီး အားအင်ပြည့်လျှမ်း စိတ်ရွှင်လန်းဖို့ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။


ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိမယ်ဆိုတာ အာမခံပြီးတင်ပြလိုက်ပါတယ်။ အလုပ်များပြားပြီး ကျန်းမာရေး လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တဲ့သူတွေအနေနဲ့ ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ သင့်ကျန်းမာရေးအတွက် အကျိုးရှိတယ် ဆိုရင်တော့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦး။ ကျန်းမာခြင်းလက်ဆောင်ထက် ကောင်းတဲ့ လက်ဆောင်မွန်ဆိုတာ မရှိဘူး မဟုတ်လား… ။

Credit:

 


26 Jun 2020     2,083 Views




RELATED

Most Popular of Health Fix

Most Popular of Life Style