BEC-TERO TV

၁၅ ရက်တာ သတိမေ့မျောနေစဉ်ကာလမှာ ဘယ်ရောက်ခဲ့သလဲဆိုတာ ပြန်ပြောပြခဲ့တဲ့ ဦးမန်းဝင်း

30 Jun 2020     1,484 Views


ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အဆိုးဆုံးကျန်းမာရေးအခြေအနေကို ရောက်ရှိခဲ့ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဦးမန်းဝင်းကတော့ သတိမေ့မျောနေစဉ်ကာလမှာ သူဟာ ဘယ်ကိုရောက်နေခဲ့သလဲဆိုတာကို ပြန်ပြောပြလာပါတယ်။

ဦးမန်းဝင်းဟာ ဇွန်လ ၁ ရက်နေ့မနက်ပိုင်းက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ဆေးရုံတက်ခွဲစိတ်ကုသခဲ့ရပြီး ၁၅ ရက်တာမျှ သတိမေ့မျောနေခဲ့တာဖြစ်ပါတယ်။ နှလုံးခုန်သံသာကြားရပြီး အချိန်အကြာကြီး မေ့မျောနေခဲ့တဲ့ ဦးမန်းဝင်းအတွက် မိသားစုဝင်တွေနဲ့ ခင်မင်ရင်းနှီးသူမိတ်ဆွေများက စိုးရိမ်ပူပန်ခဲ့ကြရတာပါ။  

ဦးမန်းဝင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ အသိပြန်ဝင်လာတာဖြစ်ပြီး ထို့နောက်မှာတော့ ခြေတွေလက်တွေလှုပ်ရှားကာ ယခုဆိုရင် စကားပင်တစ်လုံးစ နှစ်လုံးစ ပြန်ပြောနိုင်သည်အထိ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်။ ၁၅ ရက်တာ သတိမေ့မျောနေခဲ့စဉ်မှာ ဘယ်တွေရောက်ခဲ့သလဲဆိုတဲ့ ဦးမန်းဝင်းရဲ့ပြောပြချက်ကိုတော့ ယခုလိုပဲရေးသားဖော်ပြထားတာ တွေ့မြင်ရပါတယ်။

“အဖေ ဦးမန်း၀င်း သတိမေ့နေတဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။

ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ _ _ "ပြောမယ်"

ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ _ _ "ရွာရောက်နေတာ" ( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )

အဖေ့ကို ဘယ်သူခေါ်သွားတာလဲ _ _ "ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ"

ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ _ _ "အမေနဲ့" ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ )

အဖွားက ဘယ်မှာနေလဲအဖေ _ _ "သူ့အိမ်လေးမှာနေတယ်"

အဖွားက စကားပြောလား _ _ "မပြောဘူး"

အဖေ့ကိုရော မြင်လား _ _ "မြင်တယ် မပြောတာ"

အဖွားက ရွာမှာဘာလုပ်နေတာလဲ _ _ "ဥပုသ်စောင့်နေတယ်"

တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား _ _ "မတွေ့ပါဘူး"

တောကုလားကြီးရော တွေ့လား (အဖေ့အစ်ကိုကြီးပါ) _ _ "မတွေ့မိဘူး"

အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ _ _ "အဖေ့ဘာသာ ပြန်လာတာ” လို့ ဦးမန်းဝင်းက သမီးဖြစ်သူနှင့်မိသားစုကိုပြောပြခဲ့တာဖြစ်ပါတယ်။

ဦးမန်းဝင်းကတော့ ၁၅ ရက်တာမေ့မျောနေခဲ့စဉ်မှာ လူ့ပြည်လောကကြီးရဲ့ တစ်ခြားတစ်ဖက်ကိုရောက်ရှိသွားခဲ့တာဖြစ်ပြီး ကံမကုန်သေးတာကြောင့် လူ့လောကကြီးကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ်နော်.. ဦးမန်းဝင်းရဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)


30 Jun 2020     1,484 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment