BEC-TERO TV

ပျားရည်စိမ်ငှက်ပျောပေါင်းမုန့်ကြောင့်သေလုနီးပါးဖြစ်သွားခဲ့သောအမျိုးသမီး

01 Jul 2020     1,389 Views


အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်းဆိုတဲ့ စကားကို ရှေးလူကြီးများက ပြောထားဖူးပါတယ်။ အခု ပြောပြမယ့်အကြောင်းအရာကတော့ တော်တော်ကြောက်စရာကောင်းတဲ့ အစားအသောက်ဓာတ်မတည့်မှု အကြောင်းကို အစားတစ်လိုင်းလေးများ သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဤအဖြစ်အပျက်ကို ထိုင်းနိုင်ငံရှိ ကံယကံရှင်ကိုယ်တိုင်က သူမရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ မျှဝေထားခြင်းဖြစ်ပါတယ်။ သူမသည် ကလေးငယ်ရှိသောမိခင်တစ်ဦးဖြစ်ပြီး ကလေးကိုနို့တိုက်ပြီးသွားပြီးနောက် သူမ အမြဲတမ်းသောက်လေ့ရှိတဲ့နို့ တစ်ဗူးသောက်ခဲ့ပြီး ပျားရည်စိမ်ငှက်ပျောပေါင်းမုန့် နှစ်ချပ်ထပ်စားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ထူးခြားတဲ့လက္ခဏာများ သူမတွင်ဖြစ်ပေါ်လာခဲ့ပါတယ်။ လည်ချောင်းတွေနာလာပြီး သလိပ်အနည်းငယ်ထွက်လာတယ်။

အစကတော့ အဲယားကွန်းခန်းမှာအိပ်လို့ အာသီးရောင်တယ်လို့ပဲ သူမ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီးနာလာကာ ပါးစပ်ထဲမှာ ရောင်နေသလိုမျိုးခံစားလာရတယ်။ ပါးစပ်ထဲသေချာကြည့်လိုက်သောအခါ လျှာရော၊ အာခေါင်တစ်ခုလုံးရော ရောင်နေတာတွေ့ရပြီး၊ သိပ်မကြာခင်မှာဘဲ ရင်ဘတ်တွေအောင့်လာကာ အသက်ရှူမဝ ဖြစ်လာခဲ့ပါတယ်။ အသံလည်းပြောင်းလဲသွားခဲ့ပါတယ်။ ထိုအခါ ယောင်္ကျားဖြစ်သူကိုပြောပြီး ဆေးရုံသို့အမြန်သွားကာ လမ်းတစ်ဝက်လောက်မှာတော့ မျက်လုံးတွေ၊ နှာခေါင်းတွေ၊ လက်ဖဝါး ခြေဖဝါးတွေ ယားယံလာပြီး နှာခေါင်းနဲ့အသက်ရှူဖို့ခက်ခဲလာပါတော့တယ်။

မနက် ၄ နာရီ ဆေးရုံသို့ရောက်သော် လက်တွေခြေတွေမှာ အဖုတွေထကာနီမြန်းလာပြီး၊ မျက်လုံးကလည်း ရောင်ကိုင်းနေပါတယ်။ ဆရာဝန်က အရေးပေါ်ဌာနသို့ချက်ချင်းပို့ပြီး ဆေးကုသမှုပြုလုပ်လိုက်ပါတယ်။ အဲ့ဒီအတောအတွင်းမှာ သူမ ဝမ်းသုံးကြိမ်သွားခဲ့ပြီး နောက် ၂ နာရီအကြာမှာ ပုံမှန်အသက်ပြန်ရှူလာနိုင်ခဲ့ကာ တဖြည်းဖြည်းသက်သာလာခဲ့ပါတယ်။ ဤလက္ခဏာဟာ အသက်ရှူလမ်းကြောင်းစနစ်ကိုထိခိုက်စေသော ရုတ်တရက်ပြင်းထန်စွာဓါတ်မတည့်သည့်လက္ခဏာဖြစ်ပြီး၊ အချိန်မီမကုသခဲ့ရင် အသက်အန္တရာယ်အထိပါထိခိုက်နိုင်သည်ဟု ဆရာဝန်က ပြောသွားပါတယ်။

အဖြစ်အပျက်တစ်ခုလုံးခြုံငုံရမည်ဆိုလျှင် အကယ်၍ ပျားရည်တွင် Clostridium Botolinum ဟုခေါ်သောဘက်တီးရီးယားပိုးရှိပါက ၎င်းသည်အလွန်ပြင်းထန်သောအဆိပ်ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဝ.၁ မိုက်ခရိုဂရမ်(အလေးချိန် တစ်ဂရမ်ရဲ့ သန်းတစ်ရာပုံတစ်ပုံနှင့်ညီမျှ) ပမာဏ နည်းနည်းလေးစားခဲ့ရင်တောင်မှ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါမှမဟုတ် ထုတ်လုပ်မှုအပိုင်းမှာ အဆိပ်အတောက်များကျန်ရှိနေရင်လည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။ သို့သော်ငြားလည်း အားလုံးထိတ်လန့်မသွားပါနဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပျားရည်နဲ့ဓါတ်မတည့်တာ လူတိုင်းတော့မဟုတ်ပါဘူး...တချို့သောသူတွေပါပဲ။

#popolay #popolaytv #news


01 Jul 2020     1,389 Views




RELATED

Most Popular of International News

Most Popular of NEWS