BEC-TERO TV

ကားသော့နေရာမှာ အစားထိုးလာတော့မယ့် iPhone နည်းပညာသစ်

02 Jul 2020     1,331 Views


Apple ကနေ သူတို့ရဲ့ စမတ်ဖုန်းတွေကို ကားသော့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပါပြီ။ နည်းပညာကုမ္ပဏီကြီးကတော့ နောက်ဆုံးပေါ် iPhone တွေမှာ Car key အနေနဲ့ပါ အသုံးပြုနိုင်မယ့် Feature ထည့်သွင်းသွားမယ့် အကြောင်းကို Worldwide Developer Conference (WWC) အခမ်းနားမှာ ပြောကြားသွားခဲ့ပါတယ်။ စမတ်ဖုန်းကတဆင့် Car key အဖြစ် အသုံးပြုနိုင်တဲ့အပြင် စက်နှိုးနိုင်တဲ့အထိ သုံးနိုင်အောင် ဖန်တီးထားပါတယ်။

Apple ဟာ သူတို့ရဲ့ နှစ်ရှည်မျှော်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်ကား တည်ဆောက်ရေး အိပ်မက်ဟာ အကောင်ထည် မပေါ် သေးပေမယ့် CarPlay infotainment system ကတော့ ၉၇ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။ နောက်ဆုံးပေါ်ကားသစ်တွေမှာ Car key တခုလို အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ အဆင်မြင့်တင်သွားဖို့ရှိပါတယ်။ Apple ဟာ အဆိုပါ feature အသစ်ကို 2021 BMW 5 Series မှာ စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းတခြား ကားအမျိုးအစားတွေမှာပါ အသုံးပြုနိုင်အောင် ပြင်ဆင်နေပါတယ်။ Apple က စီနီယာ မန်နေဂျာတယောက်ဖြစ်တဲ့ Emily Schubert က iPhone ကနေတဆင့် ကားကို Unlock ဘယ်လိုလုပ်လို့ရကြောင်း သရုပ်ပြရှင်းပြသွားခဲ့သလို၊ ဖုန်းကတဆင့် ကားစက်နှိုးနိုင်တဲ့ အပိုင်းကိုပါ ပြသခဲ့ပါတယ်။

အဆိုပါ နည်းပညာသစ်ဟာ အနီးအနားက device တွေ အချင်းချင်း wireless ဆက်သွယ်တဲ့နည်းပညာလို့ သိကြတဲ့ Near Field Communication စနစ်ကို အမှီပြုထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်အောင် နည်းပညာအသစ်တွေပါ ထပ်ဖြည့်သွားဖို့ ရှိပါတယ်။ BMW ကားပိုင်ရှင်တွေကတော့ အချင်းချင်း iMessage ကတဆင့် ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Volvo ကားကုမ္ပဏီကလည်း စမတ်ဖုန်းကတဆင့် အဆိုပါ နည်းပညာနဲ့ ဆင်တူတဲ့ Feature တွေ အသုံးပြုနိုင်ဖို့ ကမ်းလှမ်းနေတာမျိုးတွေ ရှိပါတယ်။

Apple ကလည်း အဆိုပါ နည်းပညာကို ကားအမျိုးအစားအစုံမှာ အသုံးပြုနိုင်အောင် ချဲ့ထွင်သွားဖို့အတွက် ပြင်ဆင်နေပါပြီ။ Apple ရဲ့ စီနီယာ Vice president ဖြစ်တဲ့ Federighi က နောက်နှစ်မှာ ဒီ့ထက် ပိုကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်လာနိုင်ပြီး ကားအသစ်တွေမှာ ထည့်သွင်းအသုံးပြုသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မေလတွင်းက Car Connectivity Consortium အဖွဲ့စည်းကနေ စံသတ်မှတ်သုံး ဒစ်ဂျစ်တယ် Car key ကို ကြေညာနိုင်ခဲ့ပါတယ်။ စမတ်ဖုန်းနဲ့ ကားတွေကြား ချိတ်ဆက်အသုံးပြုနိုင်အောင် ဖော်ဆောင်ရေးမှာ အဖွဲ့ဝင်တွေအဖြစ် Apple, BMW, GM, Honda, Hyundai, Samsung နဲ့ Volkswagen တို့ ပါဝင်နေပါတယ်။


02 Jul 2020     1,331 Views




RELATED

Most Popular of International News

Most Popular of NEWS