BEC-TERO TV

အစာစားပြီးနောက် ချက်ချင်းမပြုလုပ်သင့်သော အပြုအမူများ

03 Jul 2020     1,491 Views


ထမင်းစားပြီးပြီးချင်း ဟိုဟာမလုပ်သင့်၊ ဒီဟာမလုပ်သင့်လို့ ရှေးလူကြီးတွေပြောတာ ကြားဖူးကြပါသလား။ ဒါဟာ သူ့အကြောင်းနဲ့သူ အဓိပ္ပာယ်ရှိပါတယ်။ အစာစားပြီးနောက် ချက်ချင်းမပြုလုပ်သင့်တဲ့အပြုအမူတွေက ဘာများဖြစ်မလဲ၊ လုပ်မိရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာ လေ့လာကြည့်ကြအောင်.... 
 

လှဲအိပ်ခြင်း 

 
ခဏအကြောဆန့်တာပဲဖြစ်စေ၊ လှဲတာပဲဖြစ်စေ၊ အစာစားပြီးပြီးချင်း လှဲအိပ်လိုက်တာက အက်ဆစ်ရည်လျှံတက်တဲ့ရောဂါဖြစ်နိုင်ခြေကို ပိုဖြစ်စေပါတယ်။ စားပြီး ၃၀ မိနစ် (သို့) ၁ နာရီလောက်ခြားပြီးမှ လှဲတာ ပိုအဆင်ပြေပါတယ်။ သတိထားသင့်တဲ့ နောက်တစ်ချက်က ညအိပ်ယာမဝင်ခင် ၃-၄ နာရီအလိုမှာ အစာချေဖျက်ရန်ခက်ခဲတဲ့အစားအစာများ မစားသင့်ပါ။ 
 

လေ့ကျင့်ခန်းပြုလုပ်ခြင်း 

 
အစာစားပြီးချက်ချင်း လေ့ကျင့်ခန်းပြုလုပ်တာက ဗိုက်အောင့်စေနိုင်သောကြောင့် မပြုလုပ်သင့်ပါ။ အကယ်လို့ ပြုလုပ်မယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးအားကစားများဖြစ်တဲ့ လမ်းလျှောက်တာပြုလုပ်ပေးနိုင်ပါတယ်။ ဒါဟာ သွေးထဲသကြားဓါတ်ပမာဏကိုလည်း ကောင်းမွန်စေပါတယ်။
 

သွားတိုက်ခြင်း 

 
အထူးသဖြင့် အရသာချဉ်တဲ့အစားအစာများစားပြီးပြီးချင်း သွားတိုက်တာမပြုလုပ်သင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ချဉ်တဲ့အရသာတွေမှာပါတဲ့ အက်ဆစ်အစွမ်းဟာ ကြွေသွားလွှာကို ဖျက်ဆီးစေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၁၅-၃၀ မိနစ်လောက်ခြားမှ တိုက်တာပိုပြီးသင့်တော်တယ်။ ဒါမှမဟုတ် အချဉ်တွေစားရင် ကြွေသွားတွေမှာကပ်တဲ့ အက်ဆစ်တိုက်စားမှုကို လျှော့ပါးရန်အတွက် ရေများများသောက်တာ၊ ပလုတ်ကျင်းတာမျိုး ပြုလုပ်ပေးလို့ရပါတယ်။
 

အစာစားပြီးပြီးချင်း ရေမချိုးသင့်တာ တကယ်လား

 
အစာစားပြီးပြီးချင်း ရေချိုးတာဟာ၊ အထူးသဖြင့် ရေနွေးဖြင့်ရေချိုးတာဟာ သွေးများသည် အစာချေဖျက်ရန် အူနှင့်အစာအိမ်တို့ကို ကောင်းကောင်းမရောက်နိုင်ဘဲ အရေပြားတွေမှာ ပိုပြီးရောက်သွားစေနိုင်၍ အစာမကြေတာ၊ လေထိုးလေအောင့် ဖြစ်စေနိုင်တယ်လို့ ပြောကြပါတယ်။ ဒီအယူအဆဟာ တကယ်တော့ အမှန်မဟုတ်ပါ။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ရေနွေးရေချိုးတာက အရေပြားတွေမှာ သွေးများပိုပြီးရောက်သွားစေနိုင်သော်လည်း အစာချေစနစ်ကိုထိခိုက်စေနိုင်တဲ့အထိတော့ မဖြစ်စေနိုင်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ ပုံမှန်အတိုင်း ထမင်းစားပြီးနောက် ရေချိုးနိုင်ပါတယ်။ စိုးရိမ်တတ်တဲ့သူတွေအတွက်ကတော့ ရေနွေးရေနဲ့ချိုးမယ့်အစား ပုံမှန်ရေအေးနှင့်ချိုးတာက ပိုကောင်းပါတယ်။
 
(ပိုပိုလေး)

03 Jul 2020     1,491 Views




RELATED

Most Popular of Health Fix

Most Popular of Life Style