BEC-TERO TV

ဖားကန့် မြေပြိုကျ လူသေဆုံးမှု လောဘကြောင့်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြော

06 Jul 2020     1,463 Views


ဖားကန့်ဒေသ ဝှေခါမှော်မှာ ဖြစ်ပွားတဲ့ မြေပြိုကျတဲ့ ဖြစ်စဉ်မှာ သတိပေးထားပေမဲ့ လူတွေရဲ့လောဘကြောင့် လာပြီးရှာကြတဲ့အတွက် လူအများအပြား သေဆုံးခဲ့တာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။  

ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုကျတဲ့ကိစ္စနဲ့ ပတ်သက်လို့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးကနေ ဇူလိုင်လ ၃ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မြေပြိုကျတဲ့ဖြစ်စဉ်မှာ မြေပြိုကျတဲ့အကြောင်းရင်းနဲ့ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်တာ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီတာ၊ နောင်မှာ ဒီလိုဖြစ်စဉ်မဖြစ်ဖို့ လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမယ့် စီမံချက်တွေကို အကြံပြု တင်ပြတာတွေကို လုပ်ဆောင်ရမှာပါ။

မြေပြိုကျတာနဲ့ပတ်သက်လို့ အဲဒီဒေသမှာ ဇွန်လ ၂၀ ရက်နေ့ကတည်းက သတိပေးတာတွေရှိပြီး လောဘကြောင့် လာပြီးရှာကြတာကြောင့် အခုလို သေဆုံးကြတာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

“ဖြစ်တာက မြေပြိုတာပေါ့။ ပြိုတာက သဘာဝမြေကြီး။ ကိုယ့်ရဲ့မြေမဟုတ်ဘူး။ မိုးကလည်း ရွာတယ်။ အဲဒီမှာ ဖောက်လိုင်းရှိတယ်။ မြေကိုက မြေပြိုလွယ်တဲ့မြေသား ဖြစ်တယ်။ မိုးကလည်း အဆက်မပြတ်ရွာတယ်။ အဲဒါတွေ ပေါင်းစပ်သွားတယ်။ အဲဒါက တစ်အချက်။ နှစ်အချက်က ဒီမှာ ဇွန်လ ၂၀ ကတည်းက သတိပေးထားတယ်။ လောဘပေါ့။ အများကြီး ရှာကြတယ်။ ဖြစ်ကြတယ်။”

စုံစမ်းစစ်ဆေးတာကို ၁၀၀ ရာခိုင်နှုန်း အများပြည်သူ စိတ်ကျေနပ်ဖို့ မမျှော်မှန်းနိုင်ပေမယ့် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ 

“၁၀၀ ရာခိုင်နှုန်း မမျှော်မှန်းနိုင်ပေမယ့် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် လုပ်ပေးဖို့ စီစဉ်ထားတယ်။ တချို့ဟာတွေကျ နှစ်ရှည်လာပြီ။ ပေးတဲ့တာဝန်နဲ့ အတိုင်းအတာတစ်ခုအနေနဲ့ နှစ်ရှည်ပြန်ချရမယ်။ နှစ်တိုနဲ့ မရဘူး။ အခုမှဖြစ်တဲ့ဟာလည်း မဟုတ်ဘူး။”

ရေမဆေးကျောက်ရှာတာ အန္တရာယ်ကြီးမှန်း ကျောက်ရှာနေသူတွေ၊ ဖားကန့်ဒေသခံတွေ အပါအဝင် အတော်များများ သိကြပြီး ဒီလိုအန္တရာယ်များတဲ့ အလုပ်လုပ်နေရတာဟာ တခြားရွေးချယ်စရာမရှိလို့ ဖြစ်တယ်လို့ ပြောဆိုတာတွေရှိပါတယ်။ 

ကုမ္ပဏီတွေအနေနဲ့ လုပ်ကွက်တွေပိတ်သိမ်းရင် လုပ်ရမယ့် လုပ်နည်းလုပ်ဟန်တွေရှိပြီး အစိုးရက လိုက်နာအောင် ဖိအားပေးတာတွေမရှိဘဲ သေဆုံးသူတွေကိုပဲ အပြစ်ပြောတာတွေဟာ လက်ခံလို့မရဘူးလို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်  တာဝန်ရှိသူတဦးဖြစ်တဲ့  ဒေါ်ခွန်ဂျာက ပြောပါတယ်။

“လုပ်ငန်းတခု လုပ်ဆောင်ပြီးတဲ့အခါမှာ ဘယ်အချိန်ကပဲစလုပ်လုပ် တခုခုကို ပိတ်သိမ်းပြီဆိုရင် ကျင်းတွေပိတ်သိမ်းတဲ့အခါမှာ ပြန်လည်ထားရှိရမယ့် လုပ်နည်းလုပ်ဟန်တွေ အကုန်လုံးက အခုချိန်မှာ လက်ဆုပ်လက်ကိုင်နဲ့ ရေးထားပြီးသား၊ သတ်မှတ်ထားပြီးသားတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို လိုက်နာဆောင်ရွက်အောင်တော့ ဖိအားပေးခြင်း၊ တွန်းအားပေးခြင်း၊ ယန္တရားတခုရှိလာအောင် မလုပ်ဆောင်ဘဲနဲ့ သေဆုံးသွားတဲ့သူတွေကိုပဲ အမြဲတမ်း အားနည်းတဲ့သူတွေကို ပိုဖိပြီး လုပ်ဆောင်နေကြတာဖြစ်လို့ အစိုးရတရပ်က မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းကို ပျက်ကွက်ပြီး သေဆုံးသွားတဲ့သူတွေကိုပဲ အပြစ်တင်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံလို့မရဘူး။”

ဇူလိုင် ၂ ရက်နေ့က ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုတဲ့ဖြစ်စဉ်ကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ ၅၀ ကျော် ရှိပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အွန်လိုင်းစကားဝိုင်းတခုမှာ ဖားကန့် ကိစ္စဟာ နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စ တခုဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမယ့် အစိုးရအနေနဲ့တော့ ကြေညာချက် ထုတ်ပြန်တာတွေ မရှိသေးပါဘူး။ 

ဖားကန့် မြေပြိုကျတဲ့ ဖြစ်ရပ်အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဝမ်းနည်းကြောင်း ကြေငြာချက်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။

Credit : နိုင်လင်းဦး

 


06 Jul 2020     1,463 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS