BEC-TERO TV

ဝေါမြို့ အလကခွဲကျောင်းအုပ်ဆရာကြီးရုံးခန်းအတွင်းမှ မူးယစ်ဆေးပြားများဖမ်းဆီးရမိ

06 Jul 2020     1,342 Views


ဝေါမြို့ပေါ် ဖွင့်လှစ်ထားသော အခြေခံပညာအလကခွဲကျောင်း၏ ကျောင်းအုပ်ဆရာကြီးကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ရဲက ဖမ်းဆီးထားကြောင်းသိရသည်။ မူးယစ်ဆေးဖမ်းမိမှု တစ်ခုမှတဆင့် ကွင်းဆက်ဖော်ထုတ်ရင်း ၎င်းကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဝေါမြို့တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်က“သူ့ဆီကနေ မူးယစ်ဆေးဝယ်လာတဲ့သူကို ရဲက ဖမ်းမိရာကနေ သူ့ကို မိတာပေါ့ဗျာ။

ရဲက ကျောင်းအုပ်ကြီးရုံးခန်းထဲကနေ မူးယစ်ဆေးပြား ၁၀၀၀ကျော်မိတယ်လို့လည်း သိရတယ်။ကျောင်းအုပ်ကြီးက မြို့ပေါ်ကပဲ။သူကတော့ ရုံးခန်းဟာ လုံခြုံမှုပိုရှိတယ်လို့ ထင်တဲ့အတွက် ရုံးခန်းထဲ ထားထားတာလားမှ မသိဘူး။ကာယကံရှင်ကတော့ ပိုသိမှာပေါ့။ ဒီလိုဖြစ်တော့ မြို့ရော၊ပညာရေးဌာန အတွက်ရော မကောင်းဘူးဖြစ်သွားတာပေါ့ဗျာ”ဟု ပြောသည်။ လက်ရှိတွင် ရဲက ကျောင်းအုပ်ကြီးအပါအဝင် ကျောင်းအုပ်ကြီးထံမှ မူးယစ်ဆေးဝယ်လာသူတို့ကို မူးယစ်မှုများဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ဝေါမြို့တွင် မူးယစ်ဆေးသုံးထားသည်ဟု ယူဆရသော ဆေးထိုးအပ်များ တွေ့ခြင်း၊မူးယစ်ဆေး ပစ်ချထားခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ၎င်းကိုယ်တိုင် ရဲထံသတင်းပေးအကြောင်းကြားခဲ့ရမှုများလည်း ရှိခဲ့ဖူးကြောင်းဝေါမြို့တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်က ပြောပြသည်။ “မူးယစ်ဆေးအမြစ်စတွယ်နေတဲ့ အခြေအနေတွေပေါ့ဗျာ။ရှေ့ဆက် ထိထိရောက်ရောက် ကိုင်တွယ်ကြရမှာပေါ့”ဟု ဦးမျိုးကြည်က ဆက်ပြောသည်။ ဝေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ကျောင်းအုပ်ဆရာကြီးတစ်ဦးထံမှ မူးယစ်ဆေးမိသည့်အပြင်၊ရောင်းဝယ်ခြင်းပါ ပြုနေသည်ဟု သိရှိရသည့်အတွက် တုန်လှုပ်စိတ်ပူမိကြောင်း မှတ်ချက်ပြုသည်။

Credit : ဇော်မျိုး/Myanmar Harp

#popolay #popolaytv #news #drugs


06 Jul 2020     1,342 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS