BEC-TERO TV

ဂျပန်ရေလွှမ်းမှုတွင် ဘိုးဘွားရိပ်သာတစ်ခုရေမြုပ်၍ လူ ၁၄ ဦးထက်မနည်းသေဆုံး

07 Jul 2020     1,344 Views


ဂျပန်နိုင်ငံအနောက်ပိုင်း ကျူရှူးကျွန်းတွင် မထင်မှတ်ဘဲ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ထားသည့် ဘိုးဘွားရိပ်သာတစ်ခု ရေနစ်မြုပ်မှုကြောင့် လူ ၁၄ ဦးသေဆုံး သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ အဆိုပါ ဘိုးဘွားရိပ်သာသည် မြစ်ကမ်းစပ်တစ်ခုအနီးတွင်တည်ရှိပြီး မြစ်ရေအဆမတန်မြင့်တက်လာရာ ဘိုးဘွားရိပ်သာအဆောက်အအုံမှာ ရေနစ်မြုပ်သွားခြင်းဖြစ်သည်။ မြစ်ကမ်းပါးများလည်း ပြိုကျသွားသည်ဟု ဂျပန်သတင်း ဌာနများကဖော်ပြသည်။

NHK သတင်းဌာနက ဖော်ပြချက်အရ ယင်းဘိုးဘွားရိပ်သာတွင် သေဆုံးသူဦးရေမှာ မြင့်တက်လာဖွယ်ရှိကြောင်း၊ ထို့ပြင် အသက်ရှူလမ်းကြောင်းပိတ်ပြီး နှလုံးရပ်ကာသေဆုံးသူ ဦးရေ ၂၀ ခန့်ရှိကြောင်းသိရသည်။ ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ အနောက်ပိုင်းကျူရှူးကျွန်းပေါ်ရှိ ကူမန်မိုတိုနှင့် ကာဂိုရှာမာမြို့များတွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ ဂျပန် မိုးလေဝသဌာနက အဆိုပါမြို့များအတွက် အန္တရာယ်အဆင့်သတ်မှတ်ချက်ကို အမြင့်ဆုံးမှတစ်ဆင့် လျှော့ချသတ်မှတ်ပေးခဲ့သော်လည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ အဆုံးစွန်သောအဆင့်အဖြစ်သတ်မှတ်ပြီး သတိကြီးစွာနေထိုင်ကြရန် တိုက်တွန်းထားသည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဂျပန်တပ်ဖွဲ့ဝင် တစ်သောင်းခန့်ကို ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်း များလုပ်ကိုင်နိုင်ရေးအတွက် အသင့်အနေအထားရှိကြရန်လည်း အမိန့်ထုတ်လိုက်သည်။ ဂျပန် NHK သတင်းဌာနဖော်ပြချက်အရ ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ လူ ၁၀ဝ ခန့် နေအိမ်အသီးသီးသို့ ပြန်၍မရနိုင်ဘဲဖြစ်နေကြောင်းသိရသည်။ ရုပ်သံသတင်းမှတ်တမ်းများတွင် ရေမြုပ်နေသောကားများနှင့် မြစ်ရေလျှံ နေပုံများ၊ တံတားများရေလွှမ်းမိုးနေပုံများကို မြင်တွေ့ရသည်။


07 Jul 2020     1,344 Views




RELATED

Most Popular of International News

Most Popular of NEWS