BEC-TERO TV

သံတွဲမြို့နယ်၊ မော်ရုံကျေးရွာရှိ ကျိုင်းကောင်များမှာ သီးနှံများကိုဖျက်ဆီးသည့် အမျိုးအစား မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိ

08 Jul 2020     1,445 Views


သံတွဲမြို့နယ်၊ မော်ရုံကျေးရွာတွင် ကျိုင်းကောင်များ ကျရောက်နေကြောင်း လူမှုကွန်ယက်စာမျက်နှာများ ပေါ်တွင် ပျံ့နှံ့နေသဖြင့် သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် (၆)ရက်နေ့က အဆိုပါ ကျေးရွာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် အဆိုပါ ကျိုင်းကောင်ဟုယူဆရသော အကောင်များမှာ မိုးဦးကျရာသီ ရောက်တိုင်းပေါ်လာပြီး ဆောင်းဦးဝင်စ ရာသီတွင် ပျောက်သွားပါကြောင်း၊ ရောက်ရှိလာပါကလည်း ကမ်းခြေရှိ အပင်များတွင်သာနေထိုင်ကြောင်း၊ သီးနှံပင်များကို ဖျက်ဆီးမှု မတွေ့ရှိရပါကြောင်း၊ ယခုလည်း သီးနှံပင်များကို ဖျက်ဆီးမှုမရှိပါကြောင်း မော်ရုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ပြောကြားသည်။

ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က ယခုတွေ့ရှိရသော အကောင်များမှာ ကန္တာရနှံကောင်ခေါ် (ကျိုင်းကောင်) အမျိုးအစားမဟုတ်ဘဲ ဒေသနှံကောင်အမျိုးအစား အကောင်များဖြစ်ပါကြောင်း၊ ဒေသနှံကောင်များသည် သီးနှံများကိုဖျက်ဆီးသည့် အကောင် အမျိုးအစား မဟုတ်ပါကြောင်း၊ ကန္တာရနှံကောင်ခေါ် (ကျိုင်းကောင်) များကသာလျှင် သီးနှံများကို ဖျက်ဆီးပါကြောင်း နောက်ပိုင်းထူးခြားမှုများ တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ အချိန်နှင့် တပြေးညီ သတင်းပေးပို့ရေးအတွက် ဒေသခံပြည်သူများအား အသိပညာပေးပြောကြားခဲ့ပါသည်။ ထို့အပြင် ယခု တွေ့ရသည့်နှံကောင်များကိုလည်း ဖမ်းဆီးယူပြီး စိုက်ပျိုးရေးဦးစီးဌာန ဓါတ်ခွဲခန်းများသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။


08 Jul 2020     1,445 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS