BEC-TERO TV

ထိုင်းမြောက်ပိုင်း မြန်မာနယ်စပ်မှာ သံဆူးကြိုး ကာရံ

09 Jul 2020     1,325 Views


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်ဘက်ကို ရှမ်းပြည်နယ် တာချီလိတ်ဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးမိပြီးနောက် တားဆီးဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းလာကြတာပါ။ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လဆန်းမှာပဲ ထိုင်းနိုင်ငံထဲကို နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာ ၂၈ ကြိမ်အထိ ရှိခဲ့ကြောင်းလည်း ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။

အခုလို သံဆူးကြိုး အကာအရံတွေနဲ့လုံခြုံရေးတိုးမြှင့်ရတာဟာ ဒေသခံပြည်သူတွရဲ့ တောင်းဆိုမှုတွေကြောင့်ဖြစ်ပါတယ်။ COVID -19 ကပ်ရောဂါ တိုက်ဖျက်ဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်တာကြောင့် နယ်စပ်ကနေ တရားမဝင် ဝင်လာသူတွေဆီကနေ ရောဂါပိုးတွေပါလာပြီး ဒေသအတွင်း ကူးစက်ပျံ့နှံ့မယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်တာလည်း ဖြစ်ပါတယ်။ အခုလို နယ်စပ်လမ်းတွေမှာ သံဆူးကြိုးတွေ ကာရံတာနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကိုလည်း ရှင်လင်းတင်ပြခဲ့တဲ့အကြောင်း ထိုင်းနယ်ခြားစောင့် ဗိုလ်ချုပ်ထနပ်ဖွန် Maj. Gen. Thanthaphon Kosayasevi ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

ထိုင်းနိုင်ငံ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန (CCSA)ရဲ့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်တွေကနေ တရားမဝင် ဝင်လာကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၃,၀၀၀ လောက်ကို ဖမ်းဆီးမိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အဖွဲ့ရဲ့ ပြောခွင့်ရသူ Dr. Taweesilp Visanuyothin ကတော့ ထိုင်းနိုင်ငံထဲမှာ COVID-19 ရောဂါကူးဆက်မှု ကင်းရှင်းသွားပေမဲ့ တရားမဝင် ဝင်ရောက်လာသူတွေဆီကနေ ရောဂါပိုးတွေ ပါလာပြီး ကူးစက်မှာ စိုးရိမ်ရတာကြောင့် ကာကွယ် တားဆီးဖို့ စီစဉ်နေရတယ်လို့ ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းနယ်ခြား တလျှောက်မှာလည်း ထိုင်းစစ်တပ်တွေဟာ မဲဆိုင်-တာချီလိတ် ခြားထားတဲ့ မယ်ဆိုင်ချောင်း တလျှောက်မှာ အဝေးထိန်း ဒရုန်းကင်းထောက်ယာဉ်ငယ်သုံးပြီး စောင့်ကြည့်နေသလို တပ်ဖွဲ့လိုက် လှည့်ကင်းတွေနဲ့လည်း နယ်စပ်ဝင်ပေါက်တွေကို တိုးမြှင့် စစ်ဆေးစောင့်ကြည့်နေတာပါ။

အခုအခါမှာတော့ နှစ်နိုင်ငံထိစပ်နေတဲ့ နယ်ခြား နေရာ ပေါင်း ၁၇ နေရာကို ထိုင်းနယ်ခြားစောင့် တပ်ရင်းတွေက သံဆူးကြိုး အကာအရံတွေနဲ့ တားဆီးထားပြီး၊ သွားလာဝင်ထွက်တတ်တဲ့ နေရာတွေမှာလည်း နေရောင်ခြည်စွမ်းအင်သုံး မီးတိုင်တွေကို တပ်ဆင်နေပါတယ်။ ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုတွေကို ထိမ်းချုပ်နိုင်ပြီလို့ အစိုးရက ကြေညာထားပြီး အရေးပေါ်ကာလ ကန့်သတ်တားဆီးမှုတွေ ဖြေလျော့ပေးနေသလို လုပ်ငန်းတွေကိုလည်း ပြန်လည်လုပ်ကိုင်ခွင့် ပြုနေပါပြီ။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နေချိန်မှာပဲ ပြည်ပနိုင်ငံတွေက အလုပ်သမားတွေလည်း ထိုင်းနိုင်ငံထဲ ပြန်ဝင်ဖို့ ကြိုးစားနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြတာပါ။

မြန်မာနိုင်ငံသားတွေဟာလည်း အလုပ်အကိုင်ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က တောလမ်းတွေအပါအဝင် နယ်စပ်တွေကနေ ပုံစံမျိုးစုံနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြသလို၊ လူမှောင်ခိုတွေ အခကြေးငွေပေးပြီး ဝင်ရောက်ဖို့ ကြိုးစားသူတွေလည်း ရှိနေကြပါတယ်။

Credit : အေးအေးမာ

#popolay #popolaytv #news #Thai #Myanmar #Border


09 Jul 2020     1,325 Views




RELATED

Most Popular of International News

Most Popular of NEWS