BEC-TERO TV

နိုင်ငံတကာလေကြောင်းလိုင်းများ ဆိုက်ရောက်ခွင့် ယခုနှစ် တတိယ ၃ လပတ် နောက်ပိုင်းမှဖြစ်နိုင်ဟု ဒုသမ္မတပြော

09 Jul 2020     1,278 Views


နိုင်ငံတကာလေကြောင်းလိုင်းတွေ မြန်မာနိုင်ငံကို ဆိုက်ရောက်ခွင့်ပေးဖို့အတွက် အခုနှစ် တတိယ ၃ လပတ် နောက်ပိုင်းမှပဲ မျှော်လင့်နိုင်တယ်လို့ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ ခရီးသွားလာရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ဒုတိယအဆင့်အနေနဲ့ Reopening ကိုလုပ်ရမှာဖြစ်ပြီး ပြည်တွင်းခရီးသွား လုပ်ငန်းနဲ့ စတင်ရမယ်လို့ မနေ့က နေပြည်တော်မှာ လုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

ပထမအဆင့်မှာတော့ ခရီးသွားလာရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လိုင်စင်ကြေးဖြေလျှော့ပေး တာ၊ ပေးဆောင်ရမယ့် အခွန်အခတွေကို အချိန်ကန့်သတ်ရွှေ့ဆိုင်းပေးတာ၊ အတိုး နှုန်းသက်သာတဲ့ ချေးငွေတွေ ထုတ်ပေးတာ၊ ဌာနပိုင်အဆောက်အဦငှားရမ်းခတွေ သက်သာခွင့်ပေးနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပေးတာတို့ကို လုပ်နေတယ်လို့ ဆိုပါတယ်။ ဒုတိယအဆင့်ကို အောင်အောင်မြင်မြင်စတင်နိုင်ရင် တတိယအဆင့် Relaunching ကို အခုနှစ် စတုတ္ထ ၃ လပတ်တွင် အာဆီယံနိုင်ငံတွေ၊ အာရှနိုင်ငံတွေနဲ့ စတင်ဖို့ ရည်ရွယ်ထားပြီး မြန်မာနဲ့ တိုက်ရိုက်လေကြောင်းမရှိတဲ့ လာအို၊ ကမ္ဘောဒီးယားတို့နဲ့ နယ်စပ်ဖြတ်ကျော် ခရီးသွားလာတာကို Travel Bridge ပုံစံလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

တိုက်ရိုက်လေကြောင်းရှိတဲ့ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နဲ့တော့ TravelBubble လုပ်ဆောင်နိုင်ဖို့ ဖြစ်ပြီး အဲဒီကတဆင့် ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်နေပြီဖြစ်တဲ့ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုတို့နဲ့ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒီအစည်းအဝေးကို ဗွီဒီယိုပေးပို့ပြီး အမှာစကားပြောခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိမှာ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ခရီးစဉ်တွေ ဆောင်ရွက်ရမှာဖြစ်ပြီး ကိုဗစ်အလွန်မှာ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ကြရင် တခြားနိုင်ငံတွေက လည်း နိုင်ငံတကာဧည့်သည်တွေကို အပြိုင်အဆိုင် ဆွဲဆောင်ကြမှာဖြစ်လို့ မတူအောင် ဘယ်လိုဆွဲဆောင်မလဲဆိုတာ စဉ်းစားထားရမယ်လို့ ပြောပါတယ်။

ဒု သမ္မတက နောက်ဆုံးကောက်ယူထားတဲ့ စာရင်းဇယားတွေအရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ပြည်ပခရီးသွားတွေရဲ့ သုံးစွဲငွေသဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိပြီး ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းက တိုက်ရိုက်အလုပ်ပေးထားသူ ၁ သိန်းနီးပါး၊ စားသောက်ဆိုင်၊ အနှေးယာဉ်၊ ပျံကျဈေးသည်တွေလို သွယ်ဝိုက်အလုပ်အကိုင်ရရှိသူ ၂ သိန်းနီးပါးရှိတယ်လို့လည်း ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြည်ပခရီးသွား ၃ ဒသမ ၅ သန်း ကျော် ဝင်ရောက်ခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ ၄ ဒသမ ၄ သန်းလောက်အထိ ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီမှာ လေကြောင်းကနေ ပြည်ပခရီးသွား ၁၈၃,၄၁၆ ယောက်ဝင်ရောက်ခဲ့ပေမယ့် ဧပြီလမှာတော့ ၈၂ ယောက်ပဲ ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Credit

#popolay #popolaytv #news #International #Arrival


09 Jul 2020     1,278 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS