BEC-TERO TV

ဧရာဝတီတိုင်းတွင် မိုးဦးအကြိုကာလ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၂၀ ရှိ၊ လယ်သမားအများစုဖြစ်

09 Jul 2020     1,355 Views


ဧရာတိုင်းအတွင်း မိုးဦးအကြိုကာလဖြစ်တဲ့ ဧပြီလကနေ ဒီနေ့အထိ မိုးကြိုးပစ်ခတ်မှု ၂၆ ကြိမ်အထိရှိခဲ့ပြီး လူအယောက် ၂၀ သေဆုံးကာ ၆ ဦးဒဏ်ရာရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ မအူပင်၊ အိမ်မဲ စတဲ့ မြို့နယ်တွေကဖြစ်ပြီး အများစုကတော့ လယ်ကွင်းထဲအလုပ်သွားရောက် အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးပစ်ခံရတာလို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက ပြောပါတယ်။

“အများစုက လယ်ယာလုပ်ငန်းခွင်တွေမှာအပစ်ခံရတာများတယ်၊ လယ်ယာပြင်ဆင်ဖို့ လယ်ကွင်းတွေကို သွားရင်အပစ်ခံရတာမျိုးတွေ ပြီးတော့ ငါးဖမ်းရင် ငါးကန်ပေါ်မှာ အပစ် ခံရတာတွေနဲ့ ဖားရိုက်ရင်အပစ်ခံရတာတော့ တစ်ကြိမ်တော့ ရှိခဲ့တယ်” လို့ ပြောပါတယ်။ မိုးကြိုးအပစ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ၁ ဦးကို ၃ သိန်းနှုန်း ထောက်ပံ့ပေးထားပြီး ဒဏ်ရာရသူတွေအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ စုစုပေါင်း ၆၃ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ဇွန်လအတွင်း မိုးကြိုးပစ်ခံမှု ၁၅ ကြိမ်၊ သေဆုံးခဲ့သူ ၁၅ ဦးထိရှိပြီး ခဲ့တယ်လို့ သိရပါတယ်။

မိုးကြိုးအပစ်ခံရလို့ သေဆုံသူတွေထဲမှာ တဝက်လောက်က လယ်ယာအလုပ်လုပ်ကိုင်သူတွေ ဖြစ်လို့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ရာသီဥတုအခြေအနေကိုကြည့်ပြီး အလုပ်လုပ်ဖို့နဲ့ မိုးကြိုးအန္တရာယ် လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။ “ဦးစီးဌာနအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်၊ အထူးသဖြင့် လုပ်ငန်းကို မလွဲမသွေ လုပ်ရမှာဖြစ်တဲ့ အတွက် တက်နိုင်ရင် ရာသီဥတုမသာယာတဲ့ အခြေအနေမျိုး မိုးတိမ်တောင် တွေဖြစ်တဲ့အချိန်မျိုးတွေမှာ လွတ်ကင်းနိုင်မယ့် တဲတို့ နေအိမ်တို့ ပြန်ဝင်ပြီး ရာသီဥတုသာယာမှ အလုပ်ပြန်ဆင်းရင် ဒါက သက်သာနိုင်တဲ့ အနေအထားရှိတယ်လို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

လယ်ယာလုပ်ငန်းလုပ်ကိုင်သူများကို မိုးရွာနေတဲ့ အခြေအနေမျိုးမှာ ကွင်းထဲမှာ တစ်ယောက်တည်း ထီးထီးကြီးအလုပ်လုပ်နေရင် အန္တရာယ်ရှိနိုင်သလို နောက်တစ်ခါ မိမိတို့ကိုင်တွယ်တဲ့ စက်ယန္တရားတွေလည်း မိုးကြိုးပစ်ရင် လျှပ်စစ်ဓာတ်ကူးပြီးတော့ အသက်သေဆုံးတာတွေဖြစ်နိုင် လို့ မဖြစ်မနေ အလုပ်လုပ်ကိုင်နေရတဲ့ လယ်သမားတွေကို သတိပြုစေချင်တယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Credit : မင်းထက်မုန်း (ပုသိမ်)

#popolay #popolaytv #news #Ayeyarwady


09 Jul 2020     1,355 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS