BEC-TERO TV

မန္တလေးတိုင်းမှ လုပ်ငန်းရှင် ၉၀ ရာခိုင်နှုန်းနီးပါး ချေးငွေရရှိ

10 Jul 2020     1,342 Views


အစိုးရထံမှ ချေးငွေ လျှောက်သော မန္တလေးတိုင်းမှ စီးပွားရေးလုပ်ငန်းရှင် ၉၀ ရာခိုင်နှုန်းနီးပါး ချေးငွေရရှိ နေပြီဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစား နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ လုပ်ငန်းရှင်များကို အစိုးရက ချေးငွေများ ထုတ်ပေးခဲ့သည်။ သတ္တမအကြိမ်မြောက်အဖြစ် ဇူလိုင် ပထမပါတ်က MRCCIမှတစ်ဆင့် ချေးငွေလျှောက်သော မန္တလေးတိုင်းမှ စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦး ထပ်မံရရှိခဲ့သည်။

တိုင်းဒေသကြီးအတွင်း MRCCI မှတစ်ဆင့် ချေးငွေလျှောက်ယူသော လုပ်ငန်းရှင် ပေါင်း ၄၁၇ ဦးရှိပြီး ၃၅၇ ဦး ချေးငွေရရှိပြီးဖြစ်သည်။ ‘‘ချိပ်ပိတ်လာတော့ ပိုက်ဆံ ဘယ်လောက်ပေးတယ်ဆိုတာ အသေးစိတ်တော့ မသိရဘူး။ လုပ်ငန်းကြီးရင် ကြီးသလောက် ပေးတယ်။ သိန်းသုံးထောင်ကျော်လောက်ရတဲ့သူတွေလည်း ပါတယ်။

မရသေးတဲ့သူတွေလည်း ရနိုင်ခြေရှိသေးတယ်’’ဟု ဦးကျော်မင်းက ပြောသည်။ မန္တလေးတိုင်းရှိ စီးပွားရေး လုပ်ငန်းရှင်အချို့သည် MRCCI မှတစ်ဆင့်မဟုတ်ဘဲ UMFCCI သို့ တိုက်ရိုက်လျှောက်ယူမှုများ လည်းရှိကြောင်း ဦးကျော်မင်းက ပြောသည်။ ချေးငွေပေးရာတွင် လုပ်ငန်းလိုင်စင်ရရှိထားပြီး ၂ နှစ်အတွင်း နှစ်စဉ်ဝင်ငွေရရှိထား လုပ်ငန်းများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်များ ပေး ဆောင်ထားသော လုပ်ငန်းများဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

တစ်နိုင်ငံလုံးတွင် ချေးငွေ လျှောက်ယူထားသော လုပ်ငန်းရှင်ပေါင်း ၄,၂၀၀ ကျော်ရှိပြီး အစိုးရက ကျပ် ၁၀၀ ဘီလီယံ ချေးပေးမည်ဖြစ်သည်။


10 Jul 2020     1,342 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS