BEC-TERO TV

သဘာဝနည်းလမ်းများဖြင့် လှပသန့်စင်သောခြေချောင်းလေးများပိုင်ရှင် ဖြစ်အောင်ဘယ်လိုလုပ်မလဲ

10 Jul 2020     1,568 Views


အထူးတလည် ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘဲ သင့်ခြေချောင်းလေးတွေ လှပသန့်စင်သွားစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ပြုလုပ်ပေးပါက ခြေထောက်နာကျင်ခြင်း၊ အသားမာတတ်ခြင်း၊ခြေစွယ်ငုပ်ခြင်းနဲ့ ခြေထောက် အနံ့ဆိုးထွက်ခြင်းတွေကို သက်သာစေပါလိမ့်မယ်။
 

အသားမာများကို ပုံမှန်ဖယ်ရှားပါ

 
ခြေထောက် အသားမာတက်တယ်ဆိုတာ အရေပြားက ဆဲလ်သေတွေ တဖြည်းဖြည်းများလာပြီး အချိန်ကြာကြာ ပွတ်တိုက်သန့်စင်မှု မပြုတာကြောင့် အရေပြားပေါ်မှာ မာကျောတဲ့ အသားမာတွေ ဖြစ်ပေါ်လာရတာပါ။ချေးတွန်းကျောက် ဒါမှမဟုတ် ချေးတွန်းတဲ့ဘရပ်ရှ် သုံးပြီး ခြေဖဝါးနဲ့ ခြေ
ဖနောင့်တွေကို ပုံမှန်ရေချိုးတိုင်း ပွတ်တိုက်ပေးကာ၊ ရေချိုးပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုး ချက်ချင်း လိမ်းထားလိုက်ပါ။
 

လက်သည်းခြေသည်း ကျန်းမာစေမည့် အစာစားပါ

 
သင်ဟာ လက်သည်းခြေသည်း ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်မျိုးကို စီးတာတောင် သင့်ခြေသည်းတွေက ပျက်စီးပြီး ခြောက်သွေ့နေတယ် ဆိုရင်တော့ သင်စားတဲ့ အစားအစာထဲမှာ လိုအပ်မှု ရှိနေပါပြီ။ ဗီတာမင်စီ၊ အီး၊ ဘီ-၁၂၊ ဇင့်ဓာတ်တွေ သင့်ခန္ဓာကိုယ်က လိုအပ်နေတာဖြစ်ပြီး၊ ငါး၊
အသား၊ ဥ၊ ဟင်းရွက်သုပ်၊ အာလူးနဲ့ မုန်လာဥနီတွေ ပါဝင်အောင်စားပေးပါ။
 

ခြေဆစ်ရိုးကို ဂရုပြုပါ

 
ခြေမ နေရာက ခြေဆစ်ရိုးဟာ တဖြည်းဖြည်း ကြီးလာပြီး ကားထွက်လာကာ ခြေချောင်းလေးတွေ ပုံစံပျက်စီးလာတာမျိုးပါ။ ခြေမဘေးက ခြေဆစ်ရိုးဖု တဖြည်းဖြည်း ကြီးလာတာမျိုးပါ။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက်ပိုပြီး တွေ့ရတတ်ပါတယ်။ ခြေဆစ်ရိုးဖု တဖြည်းဖြည်း ကြီးလာတာမျိုး မဖြစ်စေဖို့ ဖိနပ်ကို သင့်ခြေချောင်းလေးတွေထက် ကျယ်တာမျိုး ရွေးစီးပါ။
ခြေချောင်းထိပ်တွေ ကျပ်မနေပါစေနဲ့။ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့။ နားလည်တဲ့ ဆရာဝန်ကို ပြသတိုင်ပင်ပါ။
 

ခြေသည်း ပုံမှန်ညှပ်ပါ

 
ခြေသည်း အရှည်ထားတဲ့သူ မဟုတ်ရင် သင့်ခြေသည်းတွေကို ပုံမှန်လှီးဖြတ်ပေးတာက ခြေစွယ်ငုပ်တာကို သက်သာစေနိုင်ပါတယ်။ ခြေသည်း ရှည်ထားသူတွေ ဆိုရင်လည်း ခြေသည်းထောင့်စွန်းတွေကို ပုံမှန်လှီးဖြတ်ပေးတာမျိုးနဲ့ ကြေးမဝင်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ နှစ်ပတ်တစ်ကြိမ် ခြေသည်းညှပ်ပါ။ ခြေသည်းထောင့်စွန်းတွေကို ချွန်မနေစေဘဲ ချောမွေ့နေပါစေ။
 

ခြေသည်းဝါခြင်းကို ပြုပြင်ပါ

 
အရောင်ရင့်ရင့် လက်သည်းဆိုးဆေးတွေကို အချိန်ကြာကြာ အသုံးပြုတာကြောင့် ခြေသည်းခွံတွေ ဝါနေတတ်ပါတယ်။ ခြေသည်းခွံ ဝါနေတာအတွက် ခြေသည်းခွံတွေကိုသာ ပြုပြင်ပေးဖို့ လိုပါတယ်။
 
လက်သည်းဖျက်ဆေးကို ဂွမ်းဖတ်မှာ ဆွတ်လိုက်ပြီး ခြေသည်းပေါ်မှာ တစ်မိနစ်လောက် ကပ်ထားပြီးမှ ဆေးကြောလိုက်ကာ တံစဉ်းနဲ့ ပွတ်တိုက်ပေးပါ။ ခြေသည်း ခြောက်သွေ့တတ်တာကြောင့် ရေနံဂျယ်လီကို ခြေသည်းနဲ့ ခြေချောင်းလေးတွေပေါ်မှာ လိမ်းပေးပါ။
 
လက်သည်းဆိုးတွေကြောင့် လက်သည်း ဝါတာမျိုးဆိုရင် ဖော်ပြပါ နည်းလမ်းနဲ့ သုံးကြိမ်ပြုလုပ်ပေးရင်လက်သည်းအရောင် ဖြူလာနိုင်ပေမယ့် လက်သည်းပိုးဝင်လို့ လက်သည်း ဝါတာမျိုးဆိုရင်တော့ နားလည်တဲ့ဆရာဝန်ရဲ့ အကြံကို ယူဖို့လိုပါတယ်။
 

ခြေထောက် အရေပြား စိုပြည်ပါစေ

 
ရေဓာတ်ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို ခြေထောက် ပွတ်တိုက်ပြီးချိန်တိုင်း ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ခြေထောက် အရေပြားက သင့်ခန္ဓာကိုယ်က တခြားအရေပြားတွေထက် ပိုပြီး ခြောက်သွေ့တတ်ပါတယ်။ ရေဓာတ်ပုံမှန် အားဖြည့်ပေးတာကြောင့် ခြေသည်းခွံတွေပါ ပျက်စီးမှုကင်းစေပါလိမ့်မယ်။
 

ခြောက်သွေ့မှု ရှိပါစေ

 
ခြေထောက်နဲ့ ခြေချောင်းလေးတွေကြားမှာ ရေစိုနေတာမျိုး မဖြစ်ပါစေနဲ့ အမြဲတမ်း ခြောက်သွေ့နေပါစေ။ ရေစိုနေသေးတဲ့ ခြေအိတ်တွေကို မဝတ်ပါနဲ့။ ခြေစွပ်တွေကို နေ့စဉ်လျှော်ဖွပ်ပြီးမှ ပြန်သုံးပါ။ ခြေအိတ်နဲ့ ဖိနပ်မစီးခင်အချိန်မှာ သင့်ခြေထောက်တွေ စိုစွတ်မနေစေဖို့ ဂရုစိုက်ပါ။
 

ခြေဖနောင့်ကို ဂရုစိုက်ပါ

 
ခြေဖနောင့်နေရာမှာ အသားမာတက်တာမျိုး၊ ကွဲအက်တာမျိုး၊ ဖိနပ်ကျပ်ကျပ်တွေကြောင့် ထိခိုက်မိတာမျိုး မဖြစ်စေဖို့လိုပါတယ်။ ခြေထောက်ရဲ့ဖိအားဟာ ခြေဖနောင့်ပေါ်မှာ အများဆုံး သက်ရောက်မှုရှိတာကြောင့် ခြေဖနောင့်ထိခိုက်မှု ဖြစ်မယ်ဆိုရင် သင့်ခြေလှမ်းတိုင်းကိုလည်း အလှပျက်စေနိုင်ပါတယ်။
 
Credit:

10 Jul 2020     1,568 Views




RELATED

Most Popular of Health Fix

Most Popular of Life Style