BEC-TERO TV

ကျောက်စိမ်းတွင်း မြေပြိုမှုနဲ့ လုပ်ငန်းရှင် သုံးဦးကို ဖမ်းဆီးထား

13 Jul 2020     1,288 Views


ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုကျမှုနဲ့ ပတ်သက်ပြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ကော်မတီက စုံစမ်းစစ်ဆေးပြီးနောက် ရေမဆေးကျောက် လုပ်ငန်းရှင် (ဒေသအခေါ်) ရေမဆေးလောပန်း သုံးဦးကို ဖမ်းဆီးထားပြီး နောက်ထပ်လုပ်ငန်းရှင်တွေကိုလည်း အရေးယူသွားဖို့ ရှိတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

စုံစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးမှုအရ ပြန်လည် အသက်ရှင် လွတ်မြောက်လာသူတွေဟာ ရေမဆေးကျောက် လုပ်ငန်းရှင်တွေက ဝင်ရောက်ရှာဖွေခိုင်းတာ ဖြစ်တယ်ဆိုပြီး ပြောတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ ဦးတင့်စိုးက ပြောပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဝှေခါကျေးရွာ မြေပြိုမှုကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစစ်ရေး အဖွဲ့ဟာ ဖားကန့်မြို့နယ်မှာ သုံး ရက်ကြာ စစ်ဆေးခဲ့ပြီး သေဆုံးသွားသူတွေ ဒဏ်ရာရရှိသွားသူတွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။

ဖားကန့်မြေပြိုမှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနဲ့ တပ်မှူး တစ်ဦးကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေဆိုပြီး အရေးယူခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကျောက်စိမ်းလုပ်ငန်းကရတဲ့ ဝင်ငွေဟာ ၂ဝ၁၄ တစ်နှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံနဲ့ ညီမျှပြီး တစ်နိုင်ငံလုံးရဲ့ တရားဝင် ကုန်ထုတ်တန်ဖိုး GDP ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Credit

#popolay #popolaytv #news #ဖားကန့် #ဝှေခါ


13 Jul 2020     1,288 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS